ဘီးလင်း – ဇွန်(၂၉)

မွန်ပြည်နယ် သထုံမြို့နယ်နဲ့ဘီးလင်းမြို့နယ်အကြား ရွှေရောင်ပြကျေးရွာအနီး ကျုံအိတ်တံတား မိုင်းဖောက်ခွဲဖျက်ဆီးခံရတဲ့ ဖြစ်စဉ်အတွင်း စစ်ကောင်စီဌာနဆိုင်ရာအရာရှိတွေ အပါအဝင် ၃ ဦးထက်မနည်း သေဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတားဟာ ဒီနေ့ ဇွန် ၂၉ ရက်နေ့ မနက် ၄ နာရီခွဲအချိန်လောက်မှာ မိုင်းခွဲဖျက်ဆီးခံရတာကြောင့် တံတားတခြမ်း ပြိုကျပျက်စီးမှု ဖြစ်ပေါ်ခဲ့တာပါ။

အဲဒီတံတား ပြိုကျပျက်စီးမှုကို စစ်ဆေးဖို့လာတဲ့ စစ်ကောင်စီတပ်နဲ့ဌာနဆိုင်ရာ အရာရှိတွေကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံး ၁၀ လုံး ချပြီး ထပ်မံတိုက်ခိုက်ခဲ့တဲ့ အတွက် ထိခိုက်သေဆုံးမှု များပြားခဲ့တာပါ။

ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အတွင်း သထုံခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း တစ်ဦး သေဆုံးပြီး တံတားဖောက်ခွဲခံရတဲ့ ဖြစ်စဉ်မှာတော့ ဥပဒေအရာရှိ တစ်ဦး သေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်နယ်မှူး ဗိုလ်မှူးကြီး အောင်အောင်ဟိန်းအပါအဝင် စစ်ကောင်တပ်၊ရဲတပ်ဖွဲ့ အရာရှိတွေအပြင် ဌာနဆိုင်ရာတာဝန်ရှိသူ ၂၆ ဦး ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသူ ၄ ဦးထက်မနည်း ရှိတယ်လို့ သိရပါတယ်။

ကျုံအိတ်တံတား ဖောက်ခွဲဖျက်ဆီးမှုဟာ စစ်ရေးအရ စစ်ကောင်စီတပ်ရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်တာ ဖြစ်တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဋ္ဌက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျုံအိတ်တံတားဟာ ရန်ကုန်၊ ဘားအံ၊ မော်လမြိုင်နဲ့ မြဝတီတို့ကို အဓိက သွားလာနေတဲ့ လမ်းပိုင်းတစ်ခု ဖြစ်ပြီး အဲဒီဖြစ်ကြောင့် အိမ်စီးကားလောက်သာ သွားလာလို့ ရပြီး ကုန်တင်ကားတွေ သွားလာလို့ မရတဲ့အတွက် ကားအစီးရေ ရာနဲ့ချီ ပိတ်မိတာပါ။

ကျုံအိတ်တံတား ဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီဘက်က လုံခြုံရေးအထူးတင်းကျပ်ထားသလို တံတားပြင်ဆင်ဖို့ လုပ်ဆောင်တာတွေ ရှိနေပါတယ်။

စစ်ရေးအကဲခတ်တွေက အခုဖြစ်စဉ်ကြောင့် မွန်ပြည်နယ် သထုံခရိုင်ထဲမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓါတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.