ရေးချောင်းဖျား၊ ဇွန်(၂၉)

တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို ဆုပ်ကိုင်ထားတဲ့ မွန်ပြည်သစ်ပါတီက နွေဦးတော်လှန်ရေး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲမှာ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေ အားလုံးပါရင် မိမိတို့လည်းပါဝင်သွားမယ်လို့ ပါတီဥက္ကဌ နိုင်ဟံသာက ပြောဆိုလိုက်ပါတယ်။

ဇွန် ၂၅ ရက်နေ့က ထုတ်လွှင်တဲ့ လွတ်လပ်သော မွန်သတင်းအေဂျင်စီနဲ့ မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာတို့ တွေ့ဆုံခဲ့တဲ့အင်တာဗျူးမှာ နိုင်ဟံသာက မွန်ဘာသာနဲ့ ပြောဆိုသွားတာပါ။

နိုင်ဟံဟာက မိမိတို့ ရေမြေပထဝီအနေအထားဟာ ကချင်၊ ချင်း၊ ကရင်နီနဲ့ ကရင်တို့လိုမျိုး တောင်ပေါ်ဒေသမဟုတ်ဘဲ မြေပြန့်ဒေသဖြစ်တဲ့အတွက် စစ်ကောင်စီတပ်နဲ့ ပစ်ခတ်တိုက်ခိုက်ကြရင် ရန်သူဟာ အရပ်ရှစ်မျက်နှာကနေ လာရောက်နိုင်တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေမှာ အပြန်အလှန်ပစ်ခတ်ကြရုံနဲ့မပြီးဘဲ တွေ့ဆုံဆွေးနွေးရေးနဲ့ ပြေလည်နိုင်ရင် တိုင်းပြည်ဟာ ရေရှည်အေးချမ်းမယ်လို့ မြင်တဲ့အတွက် ပစ်ခတ်တာကိုရပ်နားပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ပေမယ့် တစ်နေ့ EAO တွေအားလုံး စစ်ကောင်စီကို တိုက်ခိုက်ကြရင် မိမိတို့လည်း ပါဝင်သွားမယ်လို့ ပြောဆိုခဲ့တာပါ။

တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူတစ်ဦးကတော့ နိုင်ဟံသာရဲ့ ပြောဆိုမှုဟာ မွန်ပြည်သစ်ပါတီရဲ့ တွေ့ ဆုံဆွေးနွေးရေးလမ်းစဉ်မှာ ပြောင်းလဲလာနိုင်တဲ့ ရပ်တည်ချက်ကိုဖော်ပြတဲ့ အနေအထားဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ကျွန်တော်နားလည်တာက မွန်ပြည်သစ်ရပ်တည်ချက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့လက်မခံဘူး။ NCA ကိုလည်း သူတို့လက်မခံတဲ့ အနေအထားမျိုး ဖြစ်တယ်။ သို့သော် NCA ရဲ့ အနှစ် သာရကို အခြေခံတဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို သူတို့ဆက်ထိန်းထားတဲ့ အနေအထားမျိုးဖြစ်တယ်။ မွန်ပြည်သစ်ပါတီနဲ့စကစတို့ တွေ့ဆုံဆွေးနွေးမှု ၃/၄ ကြိမ် လုပ်ခဲ့တယ်။ ဒီအပေါ်မှာလည်း အကျိုးရလဒ်တစ်စုံတစ်ရာ မထွက်ပေါ်လာဘူး။ ဒီအပေါ်အခြေပြုပြီးတော့ ကျွန်တော့်နားလည်မှုအရ အခုနောက်ပိုင်းမှာဆိုရင် မွန်ပြည်သစ်ပါတီ ကိုယ်တိုင်က PPST မှာ ဦးဆောင်တဲ့နေရာမဟုတ်ဘဲ ဆက် စပ်အဖွဲ့ဝင်အဖြစ်ပါမယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်တယ်။ အခုပြောဆိုမှုအရ ကျွန်တော့်အမြင်က တော့ လက်ရှိအချိန်က ပြင်တယ်ဆိုတာထက် သူတို့ရဲ့ ရပ်တည်မှုကိုဖော်ပြတဲ့ အနေအထားမျိုးလို့ နားလည်ပါတယ်”လို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်တည်ရှိရာ ရေးမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ KNU အပါအဝင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ဖြစ်ပေါ်နေတာပါ။

အဲဒီပစ်ခတ်မှုအတွင်း စစ်ကောင်တပ်ရဲ့ လေကြောင်းပစ်ကူ တိုက်ခိုက်မှုကြောင့် အရပ်သားတွေ နေထိုင်တဲ့ မွန်ကျေးရွာတချို့မှာ ဒေသခံအရပ်သား ထိခိုက်သေဆုံးတာတွေ ရှိနေသလို စစ်တပ်ရဲ့လက်နက်ကြီး ပစ်ခတ်မှုကြောင့် မွန်လူထုတွေ ထိခိုက်သေဆုံးတာတွေလည်း ရှိနေပါတယ်။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့နယ်မှာ အခုနှစ် ၆ လတာအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားရှစ်ဦးထက်မနည်းသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၁၅ ဦးအထက် ရှိခဲ့တာပါ။

မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောခွင့်ရ နိုင်နဂါးကတော့ နိုင်ဟံသာပြောဆိုချက်အပေါ် မွန်ပြည်သစ်ပါတီအနေနဲ့ ချက်ချင်းလက်ငင်း လက်နက်ကိုင်တော်လှန်ရေးထဲ ထဲထဲဝင်ဝင်ပါဝင်လာဖို့ မဖြစ်နိုင်သေးဘူးလို့ ထောက်ပြပါတယ်။

“ဒါကို ကြည့်ချင်းအားဖြင့် မွန်ပြည်သစ်ပါတီဟာ ချက်ချင်းလက်ငင်းကြီး လက်နက်ကိုင်တော်လှန်ရေးထဲကို ထဲထဲဝင်ဝင် ပါဝင်လာလိမ့်ဦးမယ် မဟုတ်ဘူးလို့ ကျွန်တော်ယူဆပါတယ်ခင်ဗျ။ ဘာဖြစ်လို့လဲ ဆို ပထဝီအနေအထားက ဘယ်လိုမှပြောင်းလဲမှာမဟုတ်ဘူး။ EAO တွေကလည်း သူတို့ရဲ့ရည်မှန်း ချက်ပန်းတိုင်က ကိုယ်စီရှိကြတယ်။ တူကြတာမဟုတ်တဲ့အပေါ်မှာ အားလုံးတစ်ပြိုင်နက်ထဲ တိုက်ပွဲဝင်ဖို့ဆိုတာလည်း သမိုင်းအစဉ်အလာအရ ကြုံတွေ့ဖူးပါတယ်။ ဖြစ်လာမှာမဟုတ်သလို ပြည်သူတွေကလည်း ဒီပြည်တွင်းစစ်ရှိနေသမျှ ကာလပတ်လုံး စစ်ဘေးစစ်ဒဏ်ကို တစ်နည်းတစ်ဖုံခံနေရဦးမှာပဲ။ အဲဒီတော့က ချက်ချင်းလက်ငင်းကြီး တော်လှန်ရေးထဲကို ထဲထဲဝင်ဝင် ပါဝင်လာဖို့ကတော့ မွန်ပြည်သစ်အနေနဲ့ မဖြစ်နိုင်သေးဘူးလို့ ကျွန်တော်မြင်မိပါတယ်”လို့ သူက ဆိုပါတယ်။

နိုင်ဟံသာရဲ့ပြောဆိုချက်ဟာ မွန်ပြည်သစ်ပါတီကို ကိုယ်စားပြုပြီးပြောဆိုတာလား ဒါမှမဟုတ် ပုဂ္ဂိုလ်ရေးအရ ပြောဆိုတာလည်းဆိုတာ သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မွန်ဒေသခံတစ်ဦးကတော့ စစ်မီးဟာမွန်လူထုဆီ တောက်လောင်စီးဝင်နေပြီဖြစ်တဲ့အတွက် အားလုံးပါမှ မွန်ပြည်သစ်ပါတီ ပါမယ်ဆိုရင် ဘယ်အခြေအနေထိ တောင့်ခံထားနိုင်မလဲဆိုတာ မေးစရာဖြစ်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်မီးဟာမွန်လူထုဆီကို တောက်လောင်နေပြီ။ မွန်ပြည်သစ်က အားလုံးပါဝင်တဲ့အချိန်ကျမှ ပါဝင်မယ်ဆိုတဲ့ ပြောဆိုချက်ဟာ ဘယ်လောက်အခြေအနေထိ ထောင့်ခံထားနိုင်ဦးမလဲပေါ့။ တော်လှန်ရေးအင်အားစုထဲမှာ မပူးပေါင်းဘူး၊ မပါဝင်ဘူးဆိုရင်ရော တစ်ခုတည်းသော မွန်တိုင်းရင်းသားလက်နက် ကိုင်ဟာ မွန်လူထုကို ကာကွယ်နိုင်သလားပေါ့၊ ဒီလိုမျိုး မေးစရာရှိတယ်။ ရခိုင်ပါမှ မွန်ပါမယ်။ ဝတပ် ဖွဲ့ကလူတွေ တော်လှန်ရေးထဲပါလာမှ မွန်ပြည်သစ်ဟာ နွေဦးတော်လှန်ရေးမှာ ပါလာမယ်ဆိုတဲ့ဟာ ရွေးချယ်လို့မရဘူးလို့ ကျွန်မထင်တယ်။ ဘာလို့ဆို မွန်ပြည်နယ်ရဲ့စစ်မီးဟာ မွန်လူထုတွေအတွက် တစ်ချိန်ကျမှ ဗုံးခိုကျင်းတွေ တူးရအောင် ပါးပါးနပ်နပ်ရှောင်ရမယ့် အခြေအနေရှိပါ့မလား။ အဲဒီလိုမဖြစ်နိုင်ဘူးလို့ မြင်တယ်”လို့ သူက ဆိုပါတယ်။

ရွေးကောက်ပွဲ မဲမသမာမှုအကြောင်းပြချက်နဲ့ နိုင်ငံ့အာဏာအရပ်ရပ်ကို စစ်တပ်ကသိမ်းယူပြီးနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ပေါင်း ၅၀၀ ထက်မနည်း ပေါ်ပေါက်လာသလို စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲမှာလည်း အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ပါဝင်လာတာပါ။

အဲဒီထဲမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ (KNPP) နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) အပြင် ကျောင်းသားတပ်မတော် (ABSDF) တို့က နွေဦးတော်လှန်ရေးမှာ ချွပ်ချွပ်ချွံချွံ ဆင်နွှဲနေတာပါ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ကတော့ နွေဦးတော်လှန်ရေးမှာ တိုက်ရိုက်မပါဝင်ပေမယ့် ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို စစ်သင်တန်းပေးတာအပြင် လက်နက်ခဲယမ်း ထောက်ပံ့တာတွေလည်း ရှိနေပါတယ်။

မွန်ပြည်သစ်ပါတီ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့ကတော့ အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှု ၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြပေမယ့် ဒီကနေ့အထိ ပြည်တွင်းစစ်မီးဟာ အရှိန်ဟုန်ပြင်းပြင်းနဲ့ တောက်လောင်လာနေတာ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာပြောတဲ့ အားလုံးပါမှ မိမိတို့ပါမယ်ဆိုတာဟာ အကြောင်းပြချက်သက်သက်နဲ့ အချိန်ဆွဲရေးမူဝါဒဖြစ်သလို ဖြစ်လာနိုင်စရာအကြောင်းမရှိဘူးလို့လည်း မွန်လူထုတွေကြား ဝေဖန်သံတွေ ထွက်ပေါ်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-IMNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.