မြန်မာနိုင်ငံဆေးပညာရှင်များအသင်းရဲ့ ၁၁ ကြိမ်မြောက် ညီလာခံကို ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်နဲ့ ၂၄ ရက်နေ့တို့မှာ ထိုင်းမြန်မာနယ်စပ်တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီညီလာခံမှာ စစ်ကောင်စီလက်ထက် စိုးရိမ်ဖွယ် ဖြစ်လာတဲ့ ကျန်းမာရေးကဏ္ဍအခြေအနေတွေအပြင် ရှေ့ဆက်လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးတာတွေ လုပ်ဆောင်ခဲ့သလို နိုင်ငံတကာအစိုးရနဲ့ အဖွဲ့အစည်းတွေထံ အချက် ၄ ချက်တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဆေးပညာရှင်များအသင်း ညီလာခံမှာ ဆွေးနွေးဖြစ်တဲ့ အကြောင်းအရာတွေ၊ စစ်ကောင်စီလက်ထက် ကျန်းမာရေးကဏ္ဍအခြေအနေ၊ လူသားချင်းစာနာမှုအကူအညီတွေ အမှန်တကယ်လိုအပ်တဲ့ ပြည်သူလူထုထံ အကူအညီရဖို့ ဘယ်အရာတွေက အတားအဆီး ဖြစ်နေလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း ညွှန်ကြားရေးမှူး စောနေထူးနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံး မြန်မာနိုင်ငံဆေးပညာရှင်အသင်း(၁၁)ကြိမ်မြောက် ညီလာခံမှာ နိုင်ငံတကာအစိုးရနဲ့ အဖွဲ့အစည်း တွေကို တောင်းဆိုတိုက်တွန်းတာတွေ တွေ့ရပါတယ်။ အဓိကဘာတွေ တောင်းဆိုတိုက်တွန်းလဲဆိုတာ ပြောပြပေးပါဦး။

နိုင်ငံတကာအစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ကျွန်တော်တို့ တောင်းဆိုထားတဲ့ အချက်တွေရှိပါတယ်။ နံပတ်အနေနဲ့ လူသားချင်းစာနာထောက်ထားမှု အစီအစဉ်တွေကို အမြန်ဆုံးရတဲ့နည်းနဲ့ အမြန်ဆုံး ဆောင်ရွက်ပေးကြဖို့ နိုင်ငံတကာအစိုးရနဲ့ အဖွဲ့အစည်းတွေကို ကျွန်တော်တို့ တောင်းဆိုထားပါတယ်။ လူသားချင်းစာနာမှု အစီအစဉ်တွေကို လူထုတွေဆီ ထိရောက်စွာ ရောက်ရှိနိုင်ဖို့အတွက် ဒေသခံတွင်းမှာရှိနေတဲ့ ကျန်းမာရေးအစုအဖွဲ့အပြင် ဒေသတွင်းမှာရှိနေတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ လူထုတွေဆီရောက်နိုင်အောင် ထိရောက်စွာ ဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ တိုက်တွန်းထားပါတယ်။ ကျွန်တော်တို့လူထုတွေအားလုံး သိတဲ့အတိုင်းပဲ စကစရဲ့ရက်စက်ကြမ်းကြုတ်မှုအောက်မှာ ခံနေရတဲ့သူတွေရှိနေပါတယ်။ လူထုရဲ့ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေကို ဘေးကင်းလုံခြုံစွာ အကူအညီရနိုင်ဖို့အတွက် နိုင်ငံတကာကို တောင်းဆိုထားတာ ရှိပါတယ်။

မတရားအာဏာသိမ်းပြီး စကစကနေ ဖမ်းဆီးချုပ်နှောင်ထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ချက်ချင်းလွှတ်ပေးဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားပေးဖို့ ကျွန်တော်တိုက်တွန်းထားတာ ရှိပါတယ်။ တရားမဝင် အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုဖို့ တိုက်တွန်းတောင်းဆိုထားတာ ရှိပါတယ်။ မြန်မာပြည်ဖွားဆေးပညာရှင်တွေက လာမယ့်ကာလမှာ ဖက်ဒရယ်စနစ်နဲ့ လိုက်လျောညီထွေမှုရှိတဲ့ ကျန်းမာရေးစနစ်နဲ့ ကျန်းမာရေးမူဝါဒဖြစ်ထွန်းဖို့အတွက် တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းနဲ့ နိုင်ငံတကာအစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက လူထုနဲ့အတူကြိုးစားပြီး ကူညီပေးနိုင်ဖို့နဲ့ ဝိုင်းဝန်းလုပ်ဆောင် ပေးဖို့ ကျွန်တော်တို့ တိုက်တွန်းထားပါတယ်။

-ထုတ်ပြန်ချက်ထဲမှာ စစ်အာဏာရှင်စနစ်ကြောင့် မြန်မာနိုင်ငံမှာ ကျန်းမာရေးအခြေအနေဟာ လွန်စွာစိုးရိမ်ဖွယ်ကောင်းတဲ့ အခြေအနေကို ရောက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ စိုးရိမ်ဖွယ် အခြေအနေက ဘာတွေ ဖြစ်မလဲ။

နဂိုတည်းက မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်တွေက အများကြီး တိုးတက်မှုမရှိတဲ့အပြင် အခက်အခဲတွေလည်း အများကြီးရှိနေတဲ့အတွက် ဒါတွေကတစ်ခုပေါ့။ ပြီးတော့ စစ်တပ်အာဏာသိမ်းတဲ့နောက်ပိုင်းမှာဆိုရင် အားလုံးလည်း မှတ်မိကြမယ်ထင်ပါတယ်။ ကျန်းမာရေးအခန်းကဏ္ဍမှာ ဝန်ဆောင်မှုတွေ ပေးနေကြတဲ့ အများစုကျန်းမာ ရေးဝန်ထမ်းတွေဟာ စစ်တပ်ရဲ့အာဏာသိမ်းမှုကို လက်မခံပဲနဲ့ ကိုယ့်ရဲ့လုပ်ငန်းတွေကို စွန့်ခွာပြီး CDMတွေ လုပ်ပြီးတော့ စစ်တပ်ကိုပြန်ပြီးဆန့်ကျင်တဲ့အခြေအနေမျိုးမှာ ကျန်းမာရေးလုပ်သားတွေ အများစုဖြစ်နေတယ် ဆိုတာ အားလုံးသိနေကြပါတယ်။ ဒါတွေကလည်း စိုးရိမ်ဖွယ်ကောင်းတဲ့ အခြေအနေပါပဲ။ ကျန်းမာရေး ဝန်ဆောင်မှုပေးမယ့် လူပုဂ္ဂိုလ်တွေက လျော့နည်းလာတယ်။ မရှိတော့ဘူးဆိုရင် ကျန်းမာရေးဝန်ဆောင်မှုကို ကောင်းမွန်တဲ့ဆောင်ရွက်နိုင်မှုဆိုတာ အခြေအနေက ရှိတော့မှာမဟုတ်ဘူး။ တိုင်းရင်းသားဒေသမှာ ဆေးရုံတွေကို စစ်တပ်ကနေ ဝေဟင်ကနေဗုံးတွေလာကြဲတယ်ဆိုတာ အများကြီးရှိပါတယ်။

အဲဒီဒေသမှာ နဂိုတည်းကကျန်းမာရေးစနစ်က ဆိုးရွားနေတဲ့အခြေအနေမှာ ဝေဟင်ကနေလာပြီး ဗုံးလာကြဲ ပြီးတော့ ဖန်တီးသွားတဲ့အနေအထားမှာ တဖက်မှာဝန်ဆောင်မှုကိုလက်ခံမယ့် လူထုတွေက ဒါတွေကိုလက်ခံလို့မရတဲ့ အနေအထားတွေလည်း ဖြစ်သွားတယ်။ ကျန်းမာရေးဝန်ထမ်းအများစုက ကိုယ့်လုပ်ငန်းခွင်ကို စွန့်ခွာပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး CDMလုပ်သွားတာတွေလည်းရှိတယ်။ အဲဒီနှစ်ခုကို ကြည့်ပြီး ပြောမယ်ဆိုရင်တောင် ကျွန်တော်တို့ရဲ့ ကျန်းမာရေးအခြေအနေတွေက ဆိုးရွားနေတဲ့ အနေအထားရှိနေတာကို ဖော်ပြနေတာဖြစ်ပါတယ်။

-ဒေသတွင်းမှာရှိတဲ့ လူသားချင်းစာနာမှုအကူအညီတွေ အမှန်တကယ်လိုအပ်တဲ့ ပြည်သူလူထုထံ အကူအညီတွေက ထိရောက်စွာရောက်ရှိရဲ့လား၊ အကူအညီတွေနဲ့ပတ်သက်ပြီး ပြည်သူလူထုတွေ ဘာအခက်အခဲကြုံ နေရတာရှိလဲ၊ နောက်ပြီး ပြည်သူတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်ကူညီမှုတွေ ဘယ်လောက်အတိုင်းအတာထိ လိုအပ်နေပါသလဲ။

ကျွန်တော်တို့ ဘက်ပေါင်းစုံက ကြည့်ရတာပေါ့နော်။ ပြည်တွင်းမှာ နိုင်ငံရေးအခြေအနေက အရမ်းရှုပ်ထွေးတယ်။ လူသားချင်းစာနာမှုအကူအညီတွေ ရောက်ရှိနိုင်ဖို့ဆိုတာ အများကြီးအခက်အခဲ ရှိလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ထားတယ်။ ဒေသတွင်းမှာရှိတဲ့ လူသားချင်းစာနာမှု အကူအညီတွေ အမှန်တကယ်ရရှိ၊ မရ ရှိဆိုတာက ကျွန်တော်တို့ နယ်စပ်ဒေသကိုဖြတ်ပြီးတော့ အကူအညီတွေရရှိနိုင်မယ့် လမ်းကြောင်းတွေက ပူးပေါင်းရမယ့်ကိစ္စဖြစ်တယ်။ ရှေ့မှာ ကျွန်တော်ပြောသလိုပဲ နိုင်ငံတကာအကူအညီတွေကလည်း အမှန်တကယ် မြန်မာပြည်နဲ့ နယ်စပ်ချင်းထိတွေ့နေတဲ့ နိုင်ငံတွေရှိပါတယ်။ ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ အဲဒီလိုနိုင်ငံ တွေကနေ လမ်းကြောင်းတွေဖွင့်ပေးဖို့ လိုအပ်ပါတယ်။ လမ်းကြောင်းတွေဖွင့်ပေးမှ ပြည်သူလူထုဆီကို လူသားချင်းစာနာမှု အကူအညီတွေ ရောက်ရှိမှာဖြစ်ပါတယ်။

ဒေသတွင်းမှာရှိနေတဲ့ ကျန်းမာရေး၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့ လက်တွဲမှုမရှိပဲတော့ ခုနပြောတဲ့လူသားချင်း စာနာမှုအကူအညီတွေ လူထုတွေဆီ အမှန်တကယ်ရောက်ရှိမရှိက အဲဒီအပေါ်မှာ မူတည်ပါတယ်။ ဒေသခံ အစုအဖွဲ့တွေနဲ့ လက်တွဲပြီးဖော်ဆောင်နိုင်မှ လူသားချင်းစာနာမှုအကူအညီတွေ လူထုတွေဆီရောက်မှာ ဖြစ် ပါတယ်။ သူတို့က ဆယ်စုနှစ်ကျော်ကြာ ဒေသတွင်းမှာ ရှိထားပြီးသား အစုအဖွဲ့တွေ ဖြစ်တယ်။ လူထုတွေရဲ့ အခက်အခဲတွေလည်း အမှန်တကယ် နားလည်သိရှိသူတွေဖြစ်ပါတယ်။ အမှန်တကယ် လိုအပ်တဲ့နေရာတွေ ရောက်ဖို့က သူတို့နဲ့လက်တွဲမှုမရှိပဲ သူတို့နဲ့ပူးပေါင်းဆောင်ရွက်မှုမရှိပဲနဲ့ အမှန်တကယ် လိုအပ်တဲ့နေရာကို ရောက်မှာ မဟုတ်ပါဘူး။ သူတို့နဲ့လက်တွဲဖို့က အရေးကြီးပါတယ်။

-နောက်ဆုံးအနေနဲ့ KNU နယ်မြေထဲက ပြည်သူတွေ အထူးသဖြင့် စစ်ဘေးရှောင်ပြည်သူတွေ လတ်တလော မှာ ကျန်းမာရေးပြဿနာတွေ ဘယ်လိုကြုံတွေ့နေရလဲ၊ အဓိက ဘယ်ရောဂါတွေ ရင်ဆိုင်ကြုံတွေ့နေရလဲ၊ ဆေးဝါးကုသခွင့် လုံလုံလောက်လောက်ရရှိရဲ့လား။

မိုးတွင်းကာလဆိုတာ ကျန်းမာရေးပြဿနာတွေက ကျွန်တော်တို့ ဘာတွေအတွေ့များလဲဆိုတော့ ဝမ်းပျက်ဝမ်း လျောရောဂါ၊ အသက်ရှုလမ်းကြောင်းရောဂါ၊ ငှက်ဖျားရောဂါ ပြီးခဲ့တဲ့ သုံးလေးနှစ်အတွင်း လျော့ပါးလာတာရှိတယ်။ သို့သော်တစ်နှစ်၊ နှစ်နှစ်အတောအတွင်းမှာ ငှက်ဖျားရောဂါပိုပြီးတော့ ကြုံတွေ့လာတာရှိပါတယ်။ အထူးသဖြင့်မိုးတွင်းကာလမှာ ငှက်ဖျားရောဂါက ပြန်လည်ခေါင်းထောင်လာတာရှိပါတယ်။ ဆေးဝါးက လုံလောက်မရှိတော့ အခုလိုအချိန်မှာပိုဆိုးရွားတယ်။

လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲတယ်။ လုံခြုံရေးကလည်း ခက်ခဲတယ်။ ကျန်းမာရေးဝန်ဆောင်မှု ပိုင်းကို ဖြေရှင်းနေရတဲ့အနေအထားမျိုးမှာ ဆေးဝါးကုသခွင့်ရလား၊ မရလားဆိုတာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုဆိုးရွားလာတယ်။ ဆေးဝါးကုသမှုက လုံလုံလောက်လောက် မရဘူးဆိုတာ ကျွန်တော်တို့ မှတ်ချက်ပေးလိုပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.