ကျောက်တံခါး၊ ဇွန်(၂၉)

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ထဲကို အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးနဲ့အမျိုးသမီးတွေအပါအဝင် အရပ်သား ၅ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ဇွန်လ(၂၇)ရက်နေ့ ည(၁၀)နာရီအချိန်မှာ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့ပေါ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ဗောဓိကွင်းကျေးရွာ အုပ်စု၊ စဉ့်အိုးလှကျေးရွာနဲ့ ဗောဓိကွင်းကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်ခဲ့တာပါ။

ဒေသတွင်းသတင်းရင်းမြစ်ရဲ့ ထုတ်ပြန်ပြောဆိုချက်အရ ကျောက်တံခါးမြို့ပေါ်ရှိ စစ်ကောင်စီရဲ့ အမြှောက်တပ် (၃၀၇)တပ်ရင်းက လက်နက်ကြီး(၁၂၀ မမ)နဲ့ (၁၄)လုံးကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့တာဖြစ်ပြီး ဗောဓိကွင်းကျေးရွာနဲ့ စဉ့်အိုးလှကျေးရွာက ဒေသခံ အမျိုးသား(၂)ဦး ကျည်ထိမှန်သေဆုံးကာ သင်္ဃန်းချောင်ကျေးရွာသား(၄)ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီလို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ရမ်းသမ်းပစ်ခတ်တာတွေကြောင့် ကျေးရွာ (၁၃) ရွာက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဒေသတွင်း သတင်းရင်းမြစ်က ဆိုထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ(၂၅)ရက်နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာက အမျိုးသမီး(၂)ဦးနဲ့ ငါးဖယ်အင်းကျေးရွာက အသက်(၄)နှစ်အရွယ်ရှိ ကလေးငယ်(၁)ဦး သေဆုံးသွားခဲ့ပြီး နေအိမ်တွေလည်း ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ ကျောက်တံခါးမြို့နယ် (ပကဖ)ရဲ့ ထုတ်ပြန်ထားချက်အရ သိရှိရပါတယ်။

ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်ထဲမှာ နေ့စဉ်နဲ့အမျှ ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လျက်ရှိတယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- KNLA / PDF Kyaukkyi

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.