လွိုင်ကော် – ဇွန်(၂၉)

ကယားပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လ(၂၇) ရက်နေ့ ညပိုင်းကစပြီး လွိုင်ကော်မြို့ပေါ်နေရာတွေ အပါအဝင် နေရာတော်တော်များများမှာ အင်တာနက်၊ဝိုင်ဖိုင်နဲ့ ဖုန်းလိုင်းတွေကို စစ်ကောင်စီ ကဖြတ်တောက်လိုက်ပြီး သူတို့လက်အောက်ခံ မိုင်တဲဖုန်းလိုင်းသာ အသုံးပြုလို့ရတော့တယ် လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ ဇွန်လ(၂၉) ရက်နေ့ မနက်ပိုင်းမှာတော့ မြို့ပေါ်နေရာတွေမှာ စစ်တပ်ပိုင် မိုင်တဲ က အင်တာ နက်လိုင်းနဲ့ ဖုန်းလိုင်းတွေပြန်ရနေပေမယ့် တခြား အော်ပရေတာတွေကိုတော့ ဖြတ်တောက်ခံထားရသေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီက အခုလို ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတာဟာ မြို့ပေါ်နေရာတွေမှာပါ တိုက်ပွဲတွေဖြစ်လာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်တာဖြစ်နိုင်တယ်လို့ ကရင်နီပြည်နယ်ကြားကာလ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးဗညားက ပြောပါတယ်။

“တပ်အပြောင်းအရွှေ့ကို လုပ်တာလို့ကျွန်တော်တို့မြင်ပါတယ်။ နောက်အခြားတစ်ဘက်မှာလည်း ဒီလွိုင်ကော်မြို့ပေါ်မှာကလည်း တိုက်ခိုက်နိုင်ချေရှိတယ်ဆိုတာကိုလည်း သူတို့ခန့်မှန်း ထားတယ်ထင်ပါတယ်။အရင်တုန်းကလည်း ဒီကရင်နီတော်လှန်ရေးအင်အားစုဘက်ကလည်း ဝင်ရောက်တိုက်ခိုက်မှုတွေလည်းရှိတော့လေ အဲဒီအတွက် ကြိုတင်ပြင်ဆင်မှုပုံစံ လုပ်တယ် လို့လည်းမြင်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က တပ်အပြောင်းအရွှေ့သတင်းတွေ မပေါက်ကြားဖို့အတွက် အင်တာနက်လိုင်းတွေဖြတ်တောက်တာဖြစ်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်က တိုက်ပွဲတွေကြောင့် အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားသလို တော်လှန်ရေးအင်အားစုတွေကလည်း မိုင်တဲတာဝါတိုင် တွေကို ဖောက်ခွဲတာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

ကယားပြည်နယ်ကို အင်တာနက်လိုင်းတွေမဖြတ်တောက်ခင်က စစ်ကောင်စီနဲ့ပတ်သက်တဲ့သူတွေကို နေပြည်တော်ကို အရေးပေါ်ပြောင်းရွှေ့တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအစောပိုင်းကလည်း လွိုင်ကော်မြို့ပေါ်မှာ စစ်ကောင်စီက တင့်ကားတွေ၊ သံချပ်ကာကားတွေအသုံးပြုပြီး ကင်းလှည့်တာတွေရှိနေသလို ကယားပြည်နယ်ကို နယ်မြေ စိုးမိုးမှုရဖို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အခုလိုလုပ်ဆောင်မှုတွေကြောင့် လွိုင်ကော်မြို့ပေါ်က ဒေသခံတချို့ဟာ စျေးဆိုင်တွေပါ မဖွင့်ရဲတော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.