သရက်ချောင်း၊ ဇွန်(၂၈)

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ရှင်မုတ္ထီးကျေးရွာအနီးရှိ စစ်ကောင်စီ ရွှေဂူတံတား စစ်ဆေးရေးဂိတ်ကို လက်နက်ကြီးနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်အပြင် ရဲတပ်ဖွဲ့ဝင်တွေပါ တပ်စွဲနေထိုင်တဲ့ ရွှေဂူတံတား စစ်ဆေးရေးဂိတ်ကို ဇွန် ၂၆ ရက်နေ့ ည ၇ နာရီအချိန်လောက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က စမ်းသပ်ထုတ်လုပ်ထားတဲ့ လက်နက်ကြီးနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။

စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် ရွှေဂူတံတားစစ်ဆေးရေးဂိတ်အပြင် ဥတ္တူတံတားစစ်ဆေးရေးဂိတ်နဲ့ ညောင်ဇင်ရွာအခြေစိုက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး အချက်ရေ ၅၀ ထက်မနည်း ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ အရပ်သားပြည်သူတွေလည်း ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ သိရပါတယ်။

စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က အနည်ဆုံး ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရနိုင်ပြီး မြေပြင်အခြေအနေ အသေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

ဇွန် ၂၇ ရက်နေ့ မနက်ပိုင်းကလည်း ဥတ္တူတံတားစစ်ဆေးရေးဂိတ်ထံ အင်အားဖြည့်ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်ကနေ အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တာပါ။

သရက်ချောင်းမြို့နယ်ရှိ ရွှေဂူတံတားနဲ့ဥတ္တူတံတား စစ်ဆေးရေးဂိတ်တွေဟာ စစ်တပ်အာဏာသိမ်းကာလအတွင်း မကြာခဏတိုက်ခိုက်ခံနေရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- CJ (ပုံဟောင်းဖြစ်ပါသည်။)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.