ရန်ကုန်၊ ဇွန်(၂၈)

နိုင်ငံတဝန်း စစ်မျက်နှာဖွင့်ထားတဲ့ စစ်ကောင်စီတပ်ဟာ ကြည်း၊ ရေ၊ လေ လက်ရုံးတပ်နဲ့ ဝန်ထမ်းတပ်တွေမှာစစ်မှုထမ်းဖို့ အခြားအဆင့်အမျိုးသမီးစစ်သည်ခေါ်ယူမှုတွေကို ခပ်စိပ်စိပ်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာမသိမ်းခင်ကလည်း အရာရှိမဟုတ်တဲ့ အခြားအဆင့်အမျိုးသမီးစစ်သည်တွေကို အခုလို ခေါ်ယူမှုတွေရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် လပိုင်းခြားပြီးခေါ်ယူမှုတွေ လုပ်ဆောင်လာတာပါ။

စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးချိန်ကစပြီး အမျိုးသမီးစစ်သည်တွေကို ၄ ကြိမ်အထိ ခေါ်ယူထားတာဖြစ်ပြီး အခုနှစ်ခြောက်လအတွင်းမှာပဲ ၂ ကြိမ် ခေါ်ယူထားပါတယ်။

CDM ဗိုလ်ကြီးကောင်းသူဝင်းကတော့ စစ်ကောင်စီတပ်မှာ အမျိုးသားစစ်သည်တွေဝင်ရောက်မှု မရှိသလောက် နည်းပါးနေတာကြောင့် အမျိုးသမီးစစ်သည်တွေကို စုဆောင်းမှုလုပ်ဆောင်လာတာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အမျိုးသမီးစစ်သည်တွေကို စစ်တပ်ကခေါ်ယူတယ်။ အာဏာမသိမ်းခင် ကိုဗစ်ကာလ ၃၊၄ နှစ်လောက်ကထဲက ခေါ်ယူနေတာတွေရှိပါတယ်။ အမျိုးသားစစ်သည်တွေကို တပ်သားသစ်ပဲဖြစ်ဖြစ် တပ်ကြပ်ကြီးစာရေးပဲဖြစ်ဖြစ်၊ ဗိုလ်လောင်းပဲဖြစ်ဖြစ် သူတို့ခေါ်ယူတယ်။ ဒါပေမယ့် သူတို့ဝင်ရောက်မှုအားနည်းတဲ့အချိန် ဖြစ်လာတဲ့အတွက် သူတို့အနေနဲ့ဒါ စစ်သမီးစစ်သည်တွေဘက်ကို လှည့်ပြီးခေါ်ယူနေတာရှိပါတယ်။ အမျိုးသမီးစစ်သည်တွေအနေနဲ့ကတော့ ဒီခြေလျင်ခြေမြန်တပ်ရင်းတွေလို တိုက်ခိုက်ရေး၊ လုံခြုံရေးဆောင်ရွက်ရခြင်း သိပ်မရှိပဲနဲ့ သူတို့တွေရဲ့ တပ်တွင်းနဲ့ဆိုင်တဲ့အကူလက်ရုံးဆိုင်ရာတွေ၊ နောက်တန်းဌာနချုပ်တွေမှာပဲလုပ်ရတဲ့ ဟာတွေကိုလုပ်တဲ့အတွက် အမျိုးသမီးစစ်သည်အချို့ဝင်ရောက်နေခြင်းရှိသေးတယ်လို့တော့ ကျွန်တော်မြင်ပါတယ်” လို့ဆိုပါတယ်။

စစ်ကောင်စီ ခေါ်ယူနေတဲ့ အမျိုးသမီးစစ်သည်တွေမှာ အိမ်ထောင်မရှိသူ အပျိုဖြစ်ရမှာဖြစ်သလို အသက်(၂၅) နှစ်ထက်မကြီးရလို့ပါရှိပြီး ပညာအရည်အချင်း (၈) တန်းအောင် အဆင့်ရှိရမယ်လို့ ဇွန် ၂၇ ရက်နေ့ထုတ် ဝါဒဖြန့်သတင်းစာမှာ ဖော်ပြပါတယ်။

အမျိုးသမီးစစ်သည်တွေအနေနဲ့ သင်တန်း(၄) လတက်ရောက်ပြီး သက်မှတ်ချက်နဲ့ ကိုက်ညီသူတွေကို ဆန္ဒပြုထားတဲ့ လက်ရုံးတပ် ဒါမှမဟုတ် ဝန်ထမ်းတပ်တခုခုမှာ တာဝန်ထမ်းဆောင်ရမယ်လို့ အသိပေးထားပါတယ်။

တပ်တွင်းနီးစပ်သူတစ်ဦးကတော့ အခုခေါ်ယူနေတဲ့ အမျိုးသမီးစစ်သည်တွေကို စစ်ကောင်စီက လက်နက်စက်ရုံတွေမှာ တာဝန်ပေးနိုင်တယ်လို့ သုံးသပ်တာပါ။

“အခုဆိုရင်ကျော်စွာဘိလပ်မြေစက်ရုံကို သူတို့တွေအရေးပေါ်ပြင်ဆင်မှုတွေလုပ်နေတယ်။ ဘိလပ်မြေစက်ရုံကိုဘာကြောင့်ပြင်ဆင်နေလဲဆိုရင် ဘိလပ်မြေထုတ်ဖို့တော့မဟုတ်ဘူး။ အဲဒီမှာ ဒီဖောက်ခွဲရေးကိစ္စတွေမှာသုံးတဲ့ အမိုနီးယမ်နိုက်ထရိတ်လိုဟာမျိုးတွေ ထုတ်လုပ်ဖို့လို့ ကျွန်တော်တို့လည်း ကြားနေတယ်ပေါ့နော်။ အဲဒီတော့ဒီစစ်သမီးတွေခေါ်တဲ့အခါမှာ ထုတ်လုပ်ရေးပိုင်းတွေမှာ အသုံးပြုလိမ့်မယ်။ စစ်လက်နက်လိုအပ်ချက်တွေအတွက် စက်ရုံတွေမှာ သူတို့ကိုသုံးနိုင်တယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အမျိုးသမီးစစ်သည်တွေကို အရင်ကဆေးတပ်မှာ အများဆုံးတာဝန်ပေးခဲ့ပေမယ့် နောက်ပိုင်းမှာ အမျိုးသမီးလေသူရဲအရာရှိတွေအထိ တာဝန်ပေးတာတွေရှိလာပြီး စစ်မြေပြင် ရှေ့တန်းနေရာတွေကိုတော့ တာဝန်ပေးတာမရှိသေးဘူးလို့ စစ်ဘက်ဆိုင်ရာ အသိုင်းအဝိုင်းကနေ သိရပါတယ်။

မြန်မာစစ်တပ်မှာတော့ အမျိုးသမီးအရာရှိနဲ့ အခြားအဆင့် စုစုပေါင်း ၃၀၀၀ ကျော်ရှိနေတယ်လို့ ၂၀၂၁ ခုနှစ်က စစ်တပ်ထုတ်ပြန်ထားတဲ့ စာရင်းတွေအရသိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ(၂၇) ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ တပ်မတော်နေ့ပွဲမှာလည်း အမျိုးသမီးစစ်သည်တွေကို အမျိုးသားတွေထက် ပိုမိုအသုံးပြုလာတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ဆိုကြပါတယ်။

နိုင်ငံတကာ စစ်တမ်းတွေအရ မြန်မာစစ်တပ်မှာ အာဏာမသိမ်းခင် တာဝန်ထမ်းဆောင်နေသူ အင်အား (၄) သိန်းကျော်ရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း အင်အား (၂) သိန်းကျော်သာ ကျန်ရှိတော့တယ်လို့ ဖော်ပြတာတွေရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.