ရန်ကုန် – ဇွန်(၂၈)

ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင်ကို စစ်ကောင်စီ က ပြီးခဲ့တဲ့ ဇွန်လ(၂၇) ရက်နေ့က ပုဒ်မ ၅၂(က) နဲ့ ထောင်ဒဏ်(၄) နှစ်ထပ်မံချက်မှတ်ခဲ့တဲ့အတွက် စုစုပေါင်း ထောင်ဒဏ် (၇) နှစ်အထိ ကျခံရတော့မှာဖြစ်ပါတယ်။

မဝတ်ရည်အောင်ကို လက်ရှိအချိန်မှာ အင်းစိန်ထောင်အတွင်း ဖမ်းဆီးထားပြီး မတရားဖိနှိပ်မှု၊ အတင်းအဓမ္မနှိပ်စက်မှု၊ ကျန်းမာရေးစောင့်ရှောက်ခွင့်မပေးမှုတွေ ခံစားနေရသလို စစ်ကြောရေးမှာ နှိပ်စက်ခံထားရတာတွေကြောင့်လည်း စိုးရိမ်ရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

ဒဂုံတက္ကသိုလ် ကျောင်းသား/ကျောင်းသူ(၆) ဦးကို လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ(၁၄) ရက်နေ့က ရန်ကုန်မြို့၊ကျောက်တံတားမြို့နယ်မှာ စစ်ကောင်စီဘက်က ဖမ်းဆီးပြီးနောက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) ၊ပုဒ်မ ၅၂(က) တို့နဲ့ တရားစွဲဆိုထားတာပါ။

“သူကထောင်ထဲမှာ လေဖြတ်ထားတယ်။ စစ်ကြောရေးမှာ အရိုက်ခံထားရတာလည်း ခေါင်းထဲမှာ အကြိတ်တွေဖြစ်သွားတဲ့ အထိပဲ။ (၁၅) မိနစ်ခြားတခါသတိလစ်နေတဲ့ အခြေအနေကြောင့် အောက်ဆီဂျင်ပေးနေရတာရှိတယ်” လို့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ရဲဘော်တစ်ဦးက သံလွင်တိုင်းမ် ကို ပြောပါတယ်။

စစ်ကောင်စီတရားစွဲထားတဲ့ အမှုတွေထဲက ပုဒ်မ ၅၀၅(က)နဲ့ မဝတ်ရည်အောင်ကို ၂၀၂၂ ခုနှစ် မတ်လ(၁၀) ရက်နေ့က ထောင်ဒဏ်(၃) နှစ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒဂုံတက္ကသိုလ် ကျောင်းသား/ကျောင်းသူတွေကို စစ်ကောင်စီက နည်းမျိုးစုံသုံးပြီး မတရားဖမ်းဆီးထားသလို အဲဒီထဲက ကိုသီဟထက်ဇော်၊ ကိုသူရမောင်မောင်၊ကိုဟိန်းထက်၊ ကိုခန့်ဇင်ဝင်း၊ ကိုဇော်လင်းနိုင်၊ကိုသက်ပိုင်ဦးနဲ့ ကိုခန့်လင်းမောင်မောင်တို့ကို စစ်ကောင်စီက သေဒဏ်ချမှတ်ခဲ့တယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူနှစ်သောင်းကျော် ဖမ်းဆီးခံထားရပြီး အဲဒီထဲမှာ ကျောင်းသား/ကျောင်းသူ ထောင်နဲ့ချီပါဝင်နေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.