တနင်္သာရီ၊ ဇွန်(၂၈)

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ပဝရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးအကြောင်းမဲ့ပစ်ခတ်မှုကြောင့် ဒေသခံ ၃၀၀၀ ကျော် ညတွင်းချင်းထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ တနင်္သာမြို့နယ် ပကဖတာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မော်တုံးကျေးရွာအခြေစိုက် စစ်ကောင်စီ အမှတ် ၃၁၆ အမြောက်တပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့ ညနေ ၇ နာရီအချိန်လောက်က ပဝကျေးရွာထဲကို လက်နက်ကြီး ၅ လုံးထက်မနည်း အကြောင်းမဲ့ ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပဝကျေးရွာဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေဟာ ညတွင်းချင်း ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့တယ်လို့ သိရပါတယ်။

ပဝရွာဟာ အိမ်ခြေ ၁၀၀၀ နီးပါးရှိတဲ့ ရွာကြီးဖြစ်သလို တိုက်ပွဲတွေကြောင့် အခြားကျေးရွာတွေကနေ စစ်ဘေးလာရှောင်နေတဲ့ ဒေသခံတွေလည်း နေထိုင်တာဖြစ်ပါတယ်။

ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံတွေဟာ လက်ရှိမှာတော့ အရေးပေါ်စားနပ်ရိက္ခာအပါအဝင် လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ တနင်္သာမြို့နယ် ပကဖတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဘန်လော၊ သမီးလှ၊ ညောင်ပင်ကွင်စ၊ ဆင်ခေါင်းကျေးရွာအပါအဝင် ကျေးရွာ ၁၀ ရွာက ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.