ရန်ကုန်၊ ဇွန်(၂၈)

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း လက်နက်ကိုင် ပဋိပက္ခတွေအပြင် တခြားသော အခြေအနေအမျိုးမျိုးကြောင့် မသန်စွမ်းအရေအတွက် စိုးရိမ်ဖွယ်မြင့်တက်လာတယ်လို့ မြန်မာနိုင်ငံမသန်စွမ်းသူများခွင့်တူညီမျှ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MCERP) ဥက္ကဋ္ဌက သံ လွင်တိုင်းမ်ကို ပြောပါတယ်။

မသန်စွမ်းသူတွေ ထပ်တိုးလာရတဲ့ အကြောင်းအရင်းတွေထဲမှာတော့ မွေးရာပါမသန်စွမ်းတွေရှိသလို ရောဂါကြောင့် မသန်းစွမ်းဖြစ်ရတာတွေရှိတဲ့အပြင် သဘာဝဘေးနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခဘေးတွေကြောင့်လည်း အရေအတွက် ထပ်တိုးလာတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် နိုင်ငံအနှံ့အပြားမှာ လက်နက်ကိုင်ပဋိပက္ခတွေ နေ့စဉ်ဆိုသလိုဖြစ်ပွားနေပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးတာ၊ အမြင်အာရုံ၊ အကြားအာရုံ ဆုံးရှုံးတာတွေကြောင့်လည်း မသန်စွမ်းဖြစ်ပွားမှုနှုန်း သိသိသာသာ မြင့်တက်လာလာတာပါ။

မြန်မာနိုင်ငံမသန်စွမ်းသူများ ခွင့်တူညီမျှပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MCERP) ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းကတော့ မသန်စွမ်းအရေအတွက်ဟာ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ဗုံးကြဲတာ၊ အမြောက်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာအပြင် အာဟာရချို့တဲ့မှုတွေကြောင့် မသန်စွမ်းသူတွေ ပိုများလာတာဖြစ်တယ်လို့ ပြောပါတယ်။

“ဖြစ်တဲ့နေရာတွေကလည်း အများကြီးဆိုတော့ ဧရိယာများများရှိတယ်ဆိုတော့ ဒဏ်ရာရတဲ့သူတို့၊ ကိုယ်လက်အင်္ဂါဆုံးရှုံးပြီးတော့ မသန်စွမ်းဖြစ်သွားတဲ့သူက ထောင်ကျော်တယ်ပေါ့။ မသန်စွမ်းမှုဖြစ်ရတဲ့အကြောင်းအရင်းကတော့ တိုက်ပွဲကြောင့် ဒဏ်ရာရပြီးတော့ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားတယ်ဗျာ။ တိုက်ပွဲထဲမှာမပါဘဲနဲ့ ရပ်ရွာနေ ပြည်သူလူထုကလည်း ဒီမိုင်းတွေကိုနင်းပြီးတော့ဖြစ်ကြတာ။ နောက်ပြီးတော့ လေယာဉ်တွေ ဗုံးကြဲတယ်။ အမြောက်တွေနဲ့ ရမ်းသမ်းပစ်တယ်။ ပြည်သူလူထုမှာ ထိခိုက်တယ်၊ ကလေးတွေခြေထောက်တွေ၊ ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးသွားတယ်။ ထိခိုက်ကုန်တယ်။ မဆင်မခြင်ပစ်တဲ့ ရမ်းကားမှုတွေကြောင့် ဒီလိုမျိုးတွေလည်း ကြုံတွေ့ရတယ်။ နောက်ဖြစ်တာက အဟာရချို့တဲ့လို့၊ ဒီစားစရာတွေ တော်တော်လေးကို လူတွေတော်တော် များများက ဒုက္ခတွေရောက်နေကြပြီ၊ စားစရာမရှိတဲ့သူလည်း တော်တော်များများဖြစ်နေကြပြီ”လို့ ဆိုပါတယ်။

မသန်စွမ်းအရေးကူညီ ဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေရဲ့ အဆိုအရ အာဏာသိမ်းကာလအတွင်း မသန်စွမ်းအရေအတွက် ထောင်နဲ့ချီထပ်တိုးလာတယ်လို့ သုံးသပ်ထားပါတယ်။

ဒါပေမဲ့ မသန်စွမ်းအများစုဟာ အရင်လို ကျန်းမာရေးစောင့်ရှောက်မှုတွေ အပြည့်အဝမရကြတော့သလို သူတို့ရဲ့ စားဝတ်နေရေးအပြင် အခြေခံရသင့်တဲ့ မသန်စွမ်းအခွင့်အရေးတွေကိုပါ ဆုံးရှုံးနေရတယ်လို့ သိရပါတယ်။

မသန်စွမ်းမှုတွေဟာ တိုက်ပွဲဖြစ်ပွားရာ အရပ်ဒေသတွေမှာ အများဆုံးဖြစ်ပွားနေတာဖြစ်ပြီး နယ်မြေတည်ငြိမ်မှုမရှိတာကြောင့် အချိန်မီဆေးကုသမှုတွေမရရှိတဲ့ပြဿနာတွေကိုပါ ဆိုးဆိုးရွားရွား ခံစားနေရတယ်လို့ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက ဆက်ပြောပါတယ်။

“အဓိကတော့ ဒီတော်လှန်တိုက်ပွဲတွေ ဖြစ်နေတဲ့ ပဋိပက္ခတွေဖြစ်နေတဲ့ ဧရိယာတွေကအဆိုးဆုံးပဲ။ ဗုံး ကြဲတာတွေကလည်း နေ့စဉ်ကြုံတွေ့နေရတာ။ အဲဒီနေရာတွေမှာလည်း ကျန်းမာရေးဝန်ဆောင်မှုက အရမ်းကြီး ခိုင်ခိုင်မာမာအားကိုးပြီးတော့ ကုသမှုဆိုတာလည်း မလွယ်ကူဘူး။ ဒါတွေကြောင့်လည်း အဲဒီဒေသတွေက ပိုပြီးတော့ ဆိုးရွားကြတယ်။ အဟာရစားစရာတွေကလည်း အနည်းဆုံးဖြစ်တယ်။ အလုပ်အကိုင်တွေကလည်း တော်တော်လေးကို ပျက်ပြားကုန်ကြပြီး။ အဓိကတော့ ပဋိပက္ခဖြစ်ပွားနေတဲ့ စစ်ကိုင်းတို့၊ မကွေးတို့၊ ချင်းတို့၊ ကချင်၊ ရှမ်း၊ ကရင်ပြည်နယ်ပေါ့ဗျာ။ ကရင်နီတို့ ကယားတို့ အဲဒီဒေသတွေမှာတော့ ပိုပြီးတော့ဆိုးဆိုးရွားရွား ခံစားရတာပေါ့။ ရန်ကုန်တို့ ဧရာဝတီတို့ထက် သူတို့ဒေ သတွေက ပိုပြီးတော့ဆိုးဆိုးရွားရွား ခံစားနေရပါတယ်ဗျ”လို့ ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း မသန်စွမ်းသူတွေဟာ ဘေးလွတ်ရာကို အချိန်မီမပြောင်းရွေ့နိုင်တာကြောင့် လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်ပြီး သေဆုံးတာတွေရှိသလို စစ်ဘေးရှောင်ရင်း ကျန်းမာရေးစောင့်ရှောက်မှုမရတာ၊ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့်လည်း သေဆုံးတာတွေ ရှိနေတာပါ။

တဖက်မှာတော့ မသန်စွမ်းသူတွေဟာ စစ်တပ်အာဏာသိမ်းကာလအတွင်း ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်းအပါအဝင် အသက်ရှင်သန်ခွင့်တွေကအစ အားလုံးနီးပါးဆုံးရှုံးနေရသလို စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေပါ ရှိလာတယ်လို့ မသန်စွမ်းအရေးကူညီနေသူတွေက ဆိုကြပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအရ နိုင်ငံ့လူဦးရေရဲ့ ၁၂ ဒသမ ၈ ရာခိုင်နှုန်းဟာ မသန်စွမ်းသူတွေဖြစ်ပြီး လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့်လည်း မသန်စွမ်းအရေအတွက် နေ့စဉ်နဲ့အမျှ ထပ်တိုးလာတယ်လို့ မသန်စွမ်းအရေးကူညီ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ/KHRG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.