မော်လမြိုင်၊ ဇွန်(၁၈)

မြန်မာပြည်အရှေ့တောင်ပိုင်းမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေအပေါ် ဦးတည်ပစ်မှတ်ထားပြီး ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကြောင့် ဒေသတွင်းရှိ လူမှုအသိုက်အဝန်းအပေါ် ဆိုးရွာတဲ့အကျိုးဆက်တွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ပြော ဆိုလိုက်ပါတယ်။

ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ထုတ်ဝေတဲ့ “ကျွန်တော်တို့ကို ဘာကြောင့်ပစ်မှတ်ထားရတာလဲ “မြန်မာစစ်တပ်မှ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသားများအပေါ် ပစ်မှတ်ထားအကြမ်းဖက်မှုပုံစံများကို ဖော်ထုတ်ခြင်း”အစီရင်ခံစာမှာ ဆိုထားပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးတဲ့အချိန်ကစပြီး စစ်ကောင်စီဟာ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးရွာတွေမှာ လက်နက်ကိုင်အဖွဲ့တွေအစား အရပ်သားပြည်သူတွေကို ဦးတည်ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး၊ လက်နက်ငယ်ရမ်းသမ်းပစ်ခတ်မှု၊ အဓမ္မဖမ်းဆီးမှု၊ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးလုယူမှုအပါအဝင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုတွေဟာ ဒေသတွင်းရှိ လူမှုအသိုက်အဝန်းအပေါ် ဆိုးရွားတဲ့အကျိုးဆက်တွေ ဖြစ်ပေါ်စေခဲ့တယ်လို့ KHRG က ပြောဆိုထားပါတယ်။

အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်ရဲ့ ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကြောင့် ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေနဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေဟာ နောက်ဆက်တွဲအနေနဲ့ ဖြစ်ပွားစေခဲ့တယ်လို့ KHRG စည်းရုံးလှုံ့ဆော်ရေးတာဝန် ခံ စောနန္ဒဆူးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီလိုမျိုး အပြစ်မဲ့အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဆိုလို့ရှိရင်လည်း ဟိုးယခင့်ယခင် စစ်အာဏာရှင်အုပ်ချုပ်မှုကတည်းက မြန်မာပြည်အရှေ့တောင်ပိုင်းမှာရှိတဲ့ အရပ်သားပြည်သူလူထုတွေကြုံတွေ့နေရတဲ့ အရာတစ်ခုဖြစ်တယ်ပေါ့နော်။ အထူးသဖြင့် တိုက်ပွဲတွေဖြစ်ပွားတဲ့အခါတိုင်းမှာ ကျေးရွာအနီးနားမှာ ရွာသားတွေ တွေ့ရှိတဲ့အခါကျလို့ရှိရင် မတရားဖမ်းဆီးခံရတာမျိုးတွေ၊ ညှဉ်းပန်းနှိပ်စက်ခံရတာမျိုးတွေ၊ သတ်ဖြတ်ခံရတာမျိုးတွေ ရှိခဲ့သလိုမျိုး ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံရတာမျိုးတွေ လုပ်ဆောင်တာတွေရှိခဲ့တယ်ပေါ့နော်။ ဒီ(၂၀၂၁)ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ဒါတွေဟာဆက်လက်ဖြစ်ပွားနေတယ်ပေါ့နော်။ လက်နက်ကိုင်တိုက်ပွဲတွေကြားမှာ အပြစ်မဲ့အရပ်သားပြည်သူတွေဟာ မြေစာပင်ဖြစ်ခဲ့ရတယ်။ သူတို့တွေဟာ မတရားသတ်ဖြတ်ခံရတယ်” လို့ စောနန္ဒဆူးက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကြောင့် လက်ရှိမှာကရင်ပြည်နယ်အတွင်း နေရပ်စွန့် ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ ၆ သိန်းဝန်းကျင်အထိ ရှိလာပြီး လူသားချင်းစာနာမှုအကူအညီတွေဟာ နေ့စဉ်နဲ့အမျှ လိုအပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လူသားချင်းစာနာမှုအကူအညီတွေကို စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ အမှန်တကယ် လိုအပ်နေသူတွေကို အထောက်အပံ့ရဖို့ အဓိကအဟန့်အတားဖြစ်နေပြီး အာဆီယံအနေနဲ့ မြေပြင်မှာလူသားချင်းစာနာမှု အကူအညီပေးတဲ့အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ပူးပေါင်းလုပ်ဆောင်ဖို့ စောနန္ဒဆူးက တောင်းဆိုတာပါ။

“စစ်ကောင်စီကတစ်ဆင့် သူတို့က ပူးပေါင်းလုပ်ဆောင်မယ်ဆိုလို့ရှိရင် အကူအညီလိုအပ်တဲ့ပြည်သူတွေဆီကို ရောက်ရှိမှာမဟုတ်သလိုမျိုးပဲ စစ်ကောင်စီဟာဆိုလို့ရှိရင် လူသားချင်းစာနာထောက်ထားမှုအကြပ်အတည်းကို အဓိကဖြစ်ပေါ်စေတဲ့ အကြောင်းတရားဖြစ်ကြောင်း ဒါကျွန်တော်တို့ သူတို့ကို အမြဲတမ်းတိုက်တွန်းတာပေါ့” လို့ စောနန္ဒဆူးက ဆိုပါတယ်။

ဇွန် ၁၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ KHRG အစီရင်ခံစာမှာတော့ စစ်ကောင်စီအပေါ် လေယာဉ်လောင်စာဆီတင်ပို့မှု၊ လက်နက်တင်သွင်းရောင်းချမှုအပါအဝင် ထောက်လှမ်းရေးနည်းပညာနဲ့ အခြားစစ်ဘက်ဆိုင်ရာ ကူညီပံ့ပိုးပေးမှုတွေကို ရပ်တန့်ဖို့၊ စစ်အုပ်စုကို တရားဝင်အခွင့်အာဏာပေးနေတာတွေကို ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် ဖိနှိပ်ခံပြည်သူတွေရဲ့ အသံတွေနဲ့ အတွေ့အကြုံတွေကို ကိုယ်စားပြုနိုင်ဖို့အတွက် လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ မြေပြင်မှာလှုပ်ရှားနေသူတွေကို ငွေကြေးပံ့ပိုးမှုပေးဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စတဲ့အချက်တွေကို နိုင်ငံတကာအသိုင်းအဝိုင်း၊ အာဆီယံ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ အစိုး ရတွေထံ KHRG က အကြံပြုတောင်းဆိုထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- KHRG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.