မော်လမြိုင်၊ ဇွန်(၁၈)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့နဲ့ ရေးမြို့နယ်တို့မှာ တစ်ရက်တည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇွန် ၁၆ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်က ရေးမြို့နယ်ခေါဇာအခြေစိုက် စစ်ကောင်စီတပ်ရင်းကနေ မွန်ဒေသအခေါ် ဝင်းတမော့ကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် နေအိမ်မှာထမင်းချက်ဖို့ ပြင်ဆင်နေတဲ့ အသက် ၃၅ အရွယ် မိထွေထွေးကြည် လက်နက်ကြီးကျည်ထိမှန်ပြီး အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

အဲဒီနောက် လက်နက်ကြီးပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ(၃၁)က တပ်ဖွဲ့ဝင်တွေဟာ ကျေးရွာကို ရောက်ရှိလာကာ သူတို့ပစ်ခတ်တာ မဟုတ်ကြောင်းပြောဆိုပြီး ပြန်ထွက်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဇွန် ၁၆ ရက်နေ့ ည ၉ နာရီအချိန်ကလည်း သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီအမြောက်တပ်ကနေ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အမှတ် (၁)ရပ်ကွက်ထဲ လက်နက်ကြီး ၅ လုံးထက်မနည်း ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ အမှတ် (၁) ရပ်ကွက်အတွင်း ကျရောက်ကွဲခဲ့တဲ့ အသက် ၃၈ နှစ်အရွယ် ဒေါ်အေးအေးနွယ် ထိမှန်သေဆုံးပြီး သမီးဖြစ်သူ ၅ နှစ်အရွယ် ကလေးငယ်အပါအဝင် ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

လက်နက်ကြီးကျည်ကြောင့် ထိခိုက်သေဆုံးသွားတဲ့ ဒေသခံတွေကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သိမ်ဇရပ်ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်အကောင့်တွေမှာတော့ သိမ်ဇရပ်မြို့ထဲ လက်နက်ကြီးပစ်ခတ်မှုကို က ရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း(AAPP) ရဲ့ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း အရပ်သား ၆၀ ကျော် သတ်ဖြတ်ခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း -သံလွင်တိုင်းမ်

ဓာတ်ပုံ-SBM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.