မြိတ်၊ ဇွန်(၁၈)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ လွှတ်တော်ကိုယ် စားလှယ်ရဲ့ အစ်ကိုဖြစ်သူဟာ ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာသေဆုံးသွားတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

NLD ပါတီ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးမင်းဇော်တင့်ရဲ အစ်ကိုဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဦးတင်သန်းဦးဟာ စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့ဘက်က ဇွန် ၁၆ ရက်နေ့မှာ မိသားစုထံက အကြောင်းကြားလာတာပါ။

စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဇွန် ၆ ရက်နေ့က မြိတ်မြို့နောက်လယ်ရပ်ကွက်နေ ဦးတင်သန်းဦးကို မေးမြန်းစရာရှိလို့ဆိုကာ လာရောက်ခေါ်ဆောင်သွားပြီး ၁၀ ရက်အကြာမှာ သေဆုံးသွားတယ်လို့ အသိပေးလာတာ ဖြစ်ပါတယ်။

ဦးတင်သန်းဦးဟာ စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ အကြောင်းကြားလာပေမယ့် မိသားစုထံ စစ်ကောင်စီဘက် အလောင်းပြန်မပေးသေးဘူးလို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီကတော့ ဦးတင်သန်းဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ စားနပ်ရိက္ခာထောက်ပံ့ပေးတာ၊ စစ်ကောင်စီတပ် သတင်းတွေကို PDF တွေထံ ပေးပို့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်း ဆီးပြီးနောက် သတ်ဖြတ်လိုက်တာ ဖြစ်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးမင်းဇော်တင့်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကနေ ပုဒ်မအမျိုးမျိုးတပ်ပြီး အမှုဖွင့်ထားတဲ့အတွက် တိမ်းရှောင်နေတယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း သတ်ဖြတ်ခံထားရတဲ့ အရပ်သား ၄၀၀၀ နီးပါးအထိရှိလာပြီး အဲဒီထဲမှာ NLD ပါတီဝင် ၉၀ ကျော် ပါဝင်တယ်လို့ ဇွန် ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MZT FB

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.