ရေး၊ ဇွန်(၉)

မွန်ပြည်နယ်၊ရေးမြို့နယ် နှစ်ကရင်ကျေးရွာထဲကို စစ်ကောင်စီအမြောက်တပ်ကနေ လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇွန် ၈ ရက်နေ့ မနက်ပိုင်းမှာ နှစ်ကရင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေဝင်းမြင့်ကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက သေနတ်ပစ်ဖောက်ပြီး လာရောက်ခေါ်ဆောင်သွားပြီးနောက် စစ်ကောင်စီတပ်ကနေ ကျေးရွာထဲလက်နက်ကြီး ပစ်ခတ်ခဲ့တာပါ။

ဝယ်ဖယ်ကျေးရွာအခြေစိုက် စစ်ကောင်စီအမြောက်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ နှစ်ကရင်ကျေးရွာ ရပ်ကွက် (၅) မှာရှိတဲ့ တရုတ်သင်္ချိုင်းအနီးပတ်ဝန်းကျင် နေအိမ်တွေအပေါ် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၂၅ နှစ်အရွယ် ရွှေ့ပြောင်းအလုပ်သမား မတင်ကြီး ထိမှန်သေဆုံးခဲ့ပြီး နေအိမ် ၂ လုံးမှာလည်း ထိခိုက်ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

လက်နက်ကိုင်အဖွဲ့က ခေါ်ဆောင်သွားတဲ့ နှစ်ကရင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေဝင်းမြင့်မှာ အဲဒီနေ့ နေ့လည်ပိုင်းမှာ ပြန်လည်ရောက်ရှိလာတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

စစ်အုပ်ချုပ်ရေးကြေညားထာတဲ့ ရေးမြို့နယ်ဟာ တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ဒေသတစ်ခုဖြစ်သလို စစ်ကောင်စီဘက်က လုံခြုံရေးအကြောင်းပြချက်နဲ့ ကျေးရွာတွေထဲကို မကြာခဏလက်နက်ကြီး ပစ်ခတ်နေတဲ့အတွက် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ရှိနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.