ကန်ဘာရာ – ဇွန်(၉) 

ဩစတြေးလျနိုင်ငံမှာ လက်ယာစွန်းလှုပ်ရှားမှုတွေ မြင့်တက်လာပြီးနောက် နာဇီသင်္ကေတ နဲ့ အသုံးအဆောင်ပစ္စည်းရောင်းချတာကို တားမြစ်တဲ့ ဥပဒေသစ်တစ်ရပ် ပြဌာန်းဖို့ စီစဉ်နေတယ် လို့သိရပါတယ်။ 

နာဇီဝါဒဖြန့်ချီရေးထဲမှာ အသိအမှတ်ပြုခံရဆုံးဖြစ်တဲ့ သင်္ကေတတွေထဲက ဆွာစတစ်ကာလို နာဇီ ပုံစံတွေကို ထုတ်လုပ်တာနဲ့ ရောင်းချတာတွေကို ရာဇဝတ်မှုမြောက်တဲ့ ပြစ်မှုအဖြစ် ပြဌာန်းမယ့် ဥပဒေကို မကြာခင်ထုတ်ပြန်တော့မှာဖြစ်တယ်လို့ ရှေ့နေချုပ် မက်ခ်ဒရေဖက်စ်က ပြောပါတယ်။

အဲဒီဥပဒေမှာ အလံ၊လက်ပတ် နဲ့ အဝတ်တွေပေါ်မှာ ရိုက်နှိပ်ထားတဲ့ သင်္ကေတတံဆိပ်တွေနဲ့ နာဇီအလေးပြုပုံစံကိုလည်း ကန့်ကွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

“ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီတို့က ဂျူးများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းရဲ့ ကြောက်မက်ဖွယ်ကောင်းမှုတွေကို ဂုဏ်ပြုတဲ့သင်္ကေတတွေအတွက် သြစတြေးလျမှာ နေရာမရှိ သင့်ဘူး၊ ပြီးတော့ နာဇီတွေနဲ့ သူတို့ရဲ့ မကောင်းဆိုးဝါး ဝါဒကို ဂုဏ်ပြုတဲ့ ပစ္စည်းတွေကို ခင်းကျင်းပြသ ရောင်းချခြင်းကနေ လူတွေ အကျိုးအမြတ်ရဖို့ ကျွန်တော်တို့ ခွင့်မပြုတော့ပါ ဘူး” လို့ ဒရေးဖက်စ်က သြစတြေးလျ Channel Seven ရုပ်သံကို ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ဩစတြေးလျနိုင်ငံမှာ လုံးဝမရှိသင့်တဲ့ သင်္ကေတတွေကို ပြသတဲ့ လူတွေတိုးလာတာ စိတ်မကောင်းစရာဖြစ်သလို ဒီအရာတွေကို စက်ဆုပ်ရွံမုန်းသင့်တယ်လို့ သူက ပြောပါသေး တယ်။ 

ဩစတြေးလျ ထောက်လှမ်ရေးအေဂျင်စီကလည်း လက်ယာစွန်းအုပ်စုတွေ ကြီးထွားလာနေပြီး ပိုမိုစုဖွဲ့လာတာ ထင်သာမြင်သာရှိလာတယ်လို့ သတိပေးထားပါတယ်။ 

နာဇီလက်သစ်တွေရဲ့ အစွန်းရောက်တဲ့ ဆဲလ်းတွေဟာ ဩစတြေးလျမှာ ပိုမိုရဲရင့်လာသလို လက်ယာအစွန်းရောက်တွေဟာ နိုင်ငံတွင်း တန်ပြန်အကြမ်းဖက်မှုရဲ့ (၃၀) ရာခိုင်နှုန်းခန့် ဖန်တီး ထားတယ်လို့ လုံခြုံရေးဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့ဒါရိုက်တာ မိုက်ဘားဂက်စ်က ပြောပါထား ပါတယ်။ 

ဩစတြေးလျနိုင်ငံနဲ့ နယ်မြေအားလုံးကို နာဇီသင်္ကေတတွေကို တားမြစ်တဲ့ ဥပဒေကြေညာထား ပြီးဖြစ်ကာ အဆိုပြုထားတဲ့ ဖက်ဒရယ်ဥပဒေတွေဟာ ပြည်နယ်ဥပဒေတွေနဲ့ တွဲယှက်သွားမှာ ဖြစ်တယ်လို့ ရှေ့နေချုပ်က ဆိုပါတယ်။ 

နိုင်ငံတွင်းလူဦးရေအများဆုံးပြည်နယ်နှစ်ခုဖြစ်တဲ့ နယူးဆောက်ဝေးလ်နဲ့ ဗစ်တိုးရီးယားတို့ဟာ နာဇီသင်္ကေတတွေကို အများပြည်သူပိုင်နေရာတွေမှာ ပြသတာကို ကန့်သတ်ထားပါတယ်။ 

အဆိုပြုထားတဲ့ ဥပဒေတွေကို ဖောက်ဖျက်သူတွေဟာ ထောင်ဒဏ်(၁၂) လအထိ ကျခံရမှာ ဖြစ်ပြီး ပညာရပ်ဆိုင်ရာ၊အနုပညာ၊စာပေ၊စာနယ်ဇင်း ဒါမှမဟုတ် သိပ္ပံဆိုင်ရာ ရည်ရွယ်ချက် တွေအတွက် နာဇီသင်္ကေတတွေကို အများပြည်သူကို ပြသတာကိုတော့ ကင်းလွတ်ခွင့်ပြုမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

ဟိန္ဒူဘာသာ၊ဂျိန်းဘာသာနဲ့ ဗုဒ္ဓဘာသာတို့မှာ ယုံကြည်မှုအရ အရေးပါတဲ့ ဆွာစတီကာ သင်္ကေတတွေကို ဘာသာရေးအသုံးပြုရင်တော့ ကင်းလွတ်ခွင့်ပေးမှာဖြစ်တယ်လို့ ဆိုပါသေး တယ်။ 

သမိုင်းဝင်ပစ္စည်းတွေနဲ့ စစ်ဘက်ဆိုင်ရာ အမှတ်တရပစ္စည်း စုဆောင်သူတွေကို နာဇီအသုံး အဆောင်ပစ္စည်းတွေကို ငွေကြေးနဲ့ ရောင်းချတာကို တားမြစ်ထားပေမယ့် အဲဒီပစ္စည်းတွေကို ပိတ်ပင်သွားမှာမဟုတ်ဘူးလို့ 9News Network ကဖော်ပြထားပါတယ်။ 

Ref: Aljazeera

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.