နယူးယောက် – ဇွန်(၈)

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီတွေလိုအပ်နေပေမယ့် စစ်ကောင်စီက ဖြတ်လေးဖြတ် မူဝါဒကို အသုံးပြုပြီး ပြည်သူတွေ အကူအညီမရအောင်လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၆) ရက်နေ့က နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂသဘာဝဘေး အန္တရာယ် ကျရောက်မှု လျော့ချနိုင်ရေးဆိုင်ရာ Sendai Framework ပြန်လည်သုံးသပ်ရေး အဆင့်မြင့်အရာရှိကြီးများ မျက်နှာစုံညီအစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။

“အမှန်တကယ်လိုအပ်သူတွေဆီ အကူအညီတွေရောက်ရှိဖို့ အထူးအရေးကြီးတယ်ဆိုတာ အလေးထားပြောလိုကြောင်းနဲ့ သက်ဆိုင်သူ အားလုံးက ကြိုးပမ်းဆောင်ရွက်နေချိန်မှာ တရားမဝင် စစ်တပ်အနေနဲ့ ဖြတ်(၄)ဖြတ် မူဝါဒကို အသုံးပြုပြီး လူသားချင်းစာနာမှု အကူအညီပေးရေး ပစ္စည်း တွေကို လိုအပ်သူတွေဆီနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေမှာ နေထိုင်သူတွေဆီ မရောက်ရှိဖို့ ကြိုးစား နေတယ်” လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ရဲ့ တရားမဝင်အာဏာသိမ်းမှုကို ခံစားနေရတဲ့ မြန်မာပြည်သူတွေဟာ မုန်တိုင်းနောက်ဆက်တွဲ အကျိုးဆက်တွေကို ထပ်ဆင့်ခံစားနေရတယ်လို့ သံအမတ်ကြီးက ပြောပါသေးတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်းနဲ့ ပတ်သက်ပြီး ပြန်ထည်ထူထောင်ရေးနဲ့ ရေရှည်နေထိုင်မှု အစီအစဉ်တွေ ဆောင်ရွက်ဖို့အတွက် အမေရိကန်ဒေါ်လာ (၃၃၃) သန်းလိုအပ်ပြီး အကူအညီတွေလည်း လိုအပ်သူတွေဆီအမှန်တကယ်ရောက်ရှိဖို့ လိုအပ်တယ်လို့ ဆိုခဲ့ပါသေးတယ်။

အဲဒါကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ဒေသက လိုအပ်သူတွေဆီကို လိုအပ်တဲ့ အရေးပေါ်ကယ်ဆယ် ကူညီထောက်ပံ့ပေးနိုင်ဖို့ ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအားလုံးကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.