ဘန်ကောက်၊ ဇွန်(၉) 

တရုတ်ကျောထောက်နောက်ခံပြုထားတဲ့ ဒေါ်လာဘီလီယမ်ချီတန်ဖိုးရှိ ဖွံ့ဖြိုးရေးစီမံကိန်း အခြေတည်ရာလည်း ဖြစ်ပြီး တရားမဝင်လောင်းကစားနဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေဆောင်ရွက်ရာ ရွှေကုက္ကိုလ်ကို ထိုင်းနိုင်ငံ ဘက်က လျှပ်စစ်မီးဖြတ်တောက်လိုက်ပါတယ်။ 

ထိုင်းအာဏာပိုင်တွေဟာ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်အတွင်းက ရွှေကုက္ကိုလ်မြို့သို့ ဓါတ်အားပို့လွှတ်မှုကို ဇွန်လ(၅)ရက်နေ့ည သန်းခေါင်ယံအချိန်မှ စတင်ဖြတ်တောက်ထားကြောင်း မဲဆောက်ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲ မွန်ဆက်ကေဝန်က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

 ထိုင်းဘက်ခြမ်းက ဓာတ်အားဆက်လက်ထောက်ပံ့ပေးနိုင်ဖို့ မြန်မာစစ်အစိုးရက စာချုပ်ထပ်တိုးတာ မရှိတဲ့အ တွက် ဒီလိုလျှပ်စစ်မီးဖြတ်တောက်ရခြင်းဖြစ်တယ်လို့ သူက ဆက်လက်ပြောကြားခဲ့တာပါ။

 မြန်မာနိုင်ငံရဲ့ ဥပဒေမဲ့နေတဲ့ အရှေ့ဘက်နယ်စပ်တလျှောက်ရှိ နေရာတော်တော်များများမှာ ကာစီနိုတွေ၊ ကျောက်မိုင်းတွေနဲ့ သစ်ထုတ်လုပ်ရေးတွေမှာ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေဆောင်ရွက်နေတာ ဖြစ်ပါတယ်။

 BGF တပ်ဖွဲ့တွေလည်း လုပ်ငန်းတွေမှာပါဝင်ဆောက်ရွက်နေပြီး တရုတ်လူမျိုးတွေကို ဦးတည်ဈေးကွက်ထား တဲ့ ရွှေကုက္ကိုလ်မြို့ကို အဓိကကျောထောက်နောက်ခံပြုနေသူမှာ ရှီဇီကျန်ဆိုသူဖြစ်တယ်လို့ USIP ရဲ့ ၂၀၂၀ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။ 

ဘေဂျင်းအစိုးရရဲ့ ခါးပတ်တစ်ကွင်းလမ်းတစင်း ရှေ့ပြေးအခြေခံအဆောက်အအုံစီမံကိန်းရဲ့ တစိတ်တပိုင်း အဖြစ် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယမ်တန်ဖိုးရှိတဲ့ အဲဒီစီမံကိန်းကိုမစ္စတာရှီဇီကျန်ရဲ့ ကုမ္ပဏီမှ ဆောင် ရွက်နေတာဖြစ်ပြီး တရုတ်အစိုးရကတော့ အဲဒီစီမံကိန်းနဲ့ တစုံတရာဆက်စပ်မှုမှန်သမျှ ကို ငြင်းဆန်ထားခဲ့ပါတယ်။ 

၂၀၂၂ ခုနှစ် သြဂုတ်လမှာ ရှီကို တရားမဝင်အွန်လိုင်းကာစီနိုတွေ ဆောင်ရွက်နေတယ်ဆိုတဲ့စွဲချက်နဲ့ ထိုင်း အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး သူဟာ ၂၀၁၂ ခုနှစ်ကတည်းက တရုတ်နိုင်ငံကနေ ထွက်ပြေးခဲ့သူ ဖြစ်ကြောင်း တရုတ်မီဒီယာတွေက ဖော်ပြထားပါတယ်။

 မြန်မာစစ်ကောင်စီအနေနဲ့ ရွှေကုက္ကိုလ်မြို့သစ် မီးပြတ်တောက်မှုကြုံတွေ့ရတာနဲ့ ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပေးခြင်းမရှိပေမယ့်လည်း နိုင်ငံပိုင်သတင်းစာမှာတော့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင် ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတို့ဟာ မြန်မာ-တရုတ်နယ်စပ်နဲ့ မြန်မာ-ထိုင်းနယ်စပ်တွေမှာ အွန်လိုင်း လိမ်လည်မှုလောင်းကစားတွေနဲ့ နိုင်ငံဖြတ်ကျော်မှုခင်းကိစ္စတွေကို စနစ်တကျအရေးယူဆောင်ရွက်နိုင်ဖို့ သ ဘောတူခဲ့ကြကြောင်း ဖော်ပြထားပါတယ်။

 Ref: AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.