တနင်္သာရီ၊ ဇွန်(၈)

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ချောင်းညီကိုကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အလစ်ငိုက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးသွားတယ်လို့ တနင်္သာရီ (ပကဖ) တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၄၀ နီးပါး တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ကို ဇွန် ၆ ရက်နေ့ နေ့လည် ၂ နာရီအချိန်လောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ စစ်ကြောင်းတွေက အလစ်ငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန် ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က အထိနာခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က PDF ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာတွေရရှိခဲ့တယ်လို့ တနင်္သာရီ (ပကဖ) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

တိုက်ပွဲကြောင့် ချောင်းညီကို၊ ဘန်းလမွတ်၊ ညောင်ပင်ကုန်း၊ ရမ်းဖိုရွာတွေက ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အလစ်ငိုက်တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ ဇွန် ၇ ရက်နေ့ မနက်ပိုင်းအထိ ဘုန်းကြီးကျောင်းမှာ ဆက်လက်တပ်စွဲပြီး ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ခတ်နေတာကြောင့် နှစ်ဖက်စစ်ရေး တင်းမာနေတာပါ။

အဲဒီတိုက်ခိုက်မှုကိုတော့ ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်း၊ KTLA-TCJF၊ တနင်္သာရီ ရိုးမပူးပေါင်းအဖွဲ့၊ ဘက်မလိုက်ပြောက်ကျားအဖွဲ့၊ SWDF အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်း တပ်တို့ကြား တိုက်ပွဲတွေ ခပ်စိတ်စိတ် ဖြစ်ပွားနေပြီး နယ်မြေတချို့ကိုလည်း စစ်ကောင်စီဘက်က လက်လွှတ်ထားရတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- Tanintharyi PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.