ရန်ကုန်၊ ဇွန်(၈)

စစ်တပ်ထောက်ခံသူတွေနဲ့ တော်လှန်ရေးထောက်ခံသူတွေကြား ဘက်မတူတဲ့ရပ်တည်မှုဟာ အင် အားစုနှစ်ခုစလုံးမှာရှိတဲ့ အရပ်သားတွေရဲ့ လုံခြုံရေးအပေါ် ပိုမိုစိုးရိမ်ဖွယ်ဖြစ်လာတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ မေ ၂၆ ရက်နေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်းအရုံး (MNO) တည်ထောင်သူ ဦးတင့်လွင်သေနတ်နဲ့ပစ်သတ်ခံရပြီး ရက်ပိုင်းအတွင်း စစ်တပ်အားပေး အမျိုးသားရေးတက်ကြွလှုပ်ရှားသူ အဆိုတော်လီလီနိုင်ကျော်လည်း မေ ၃၀ ရက်နေ့မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။

အဆိုတော် လီလီနိုင်ကျော်ဟာ ရန်ကင်းမြို့နယ်၊ အမှတ် ၂ ရပ်ကွက်မှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး ရက်သတ္တပတ်နီးပါးကြာ ဆေးကုသမှုခံယူပြီးနောက် ဇွန် ၆ ရက်နေ့ မနက်ပိုင်းမှာ သေဆုံးခဲ့တာပါ။

သူ့ကိုပစ်ခတ်သူတွေဆိုပြီး Special Task Force – STF အဖွဲ့ဝင် (၂) ဦးဖြစ်တဲ့ ကိုကောင်းဇာနည်ဟိန်း (ခ) လပြည့်နဲ့ ကိုကျော်သူရ(ခ) အီးတီတို့ကို ဇွန် ၄ ရက်နေ့က ကမာရွတ်မြို့နယ်အတွင်းရှိ အမျိုးသားအဆောင်တစ်ခုမှာ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲထုတ်ပြန်ပါတယ်။

စွပ်စွဲဖမ်းဆီးခံထားရသူထဲက ကိုကောင်းဇာနည်ဟိန်းရဲ့ မိခင်နဲ့အစ်မဖြစ်သူတို့ကို ဒေါ်လီလီနိုင်ကျော် သေဆုံးခဲ့တဲ့ ဇွန် ၆ ရက်နေ့ ညနေပိုင်းမှာပဲ မဘသနဲ့ ပျူစောထီးတွေက ဖမ်းဆီးသတ်ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။

အခုလိုမျိုး လက်စားချေပစ်ခတ်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက စစ်အာဏာရှင်စနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာ စစ်ရေးဘောင်ကျယ်လာတာဟာ လူအချင်းချင်း အုပ်စုဖွဲ့လက်စားချေတဲ့ စနစ်တစ်ခုလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

“စစ်အာဏာရှင်စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာ နိုင်ငံရေးဘောင်ကကျဉ်းလာပြီး စစ်ရေးဘောင်က ကျယ်လာတယ်။ အဲဒီထဲမှာမှ လူတွေအချင်းချင်း အုပ်စုဖွဲ့ပြီး လက်စားချေတဲ့ စနစ်ကလည်း တစ်ခုအပါအဝင်ဖြစ်တာပေါ့။ အဲဒီအတွက်တော့ ကျွန်တော်တို့က စိတ်မကောင်းဘူး၊ ငြိမ်းချမ်းစွာဖြေရှင်းနည်းနဲ့ အဖြေရှာမှသာလျှင် ဒီကိစ္စတွေက အဖြေမှန်ရနိုင်မယ်။ တစ်ယောက်နဲ့တစ်ယောက် အာဃာတတရားတွေ ကင်းနိုင်မယ်လို့ ယူဆပါတယ်”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီကတော့ အဆိုတော်လီလီနိုင်ကျော်ကို လုပ်ကြံမှုဟာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဒီငြိမ်းလင်းနဲ့ မဟေဆယ်တို့ကနေ ခိုင်းစေခဲ့တာလို့ စွပ်စွဲထားပါတယ်။

မြို့ပြစစ်ဆင်ရေးတွေမှာ တချို့သော ပစ်ခတ်တိုက်ခိုက်ဖောက်ခွဲမှုတွေကို မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက သူတို့အဖွဲ့လုပ်ဆောင်တာဖြစ်ကြောင်း ထုတ်ပြန်ခဲ့တာရှိပေမယ့် လက်ရှိအထိတော့ အဆိုတော်လီလီနိုင်ကျော် သေဆုံးမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ကမှ ထုတ်ဖော်ပြောကြားလာတာ မရှိသေးပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တချို့ဟာ စစ်ကောင်စီဘက်ကိုထောက်ခံတဲ့ သတင်းပေးဒလန်တွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ဌာနဆိုင်ရာ ထိပ်ပိုင်းအရာရှိတွေကို ရှင်းလင်းသုတ်သင်တာတွေ ရှိနေတာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်တပ်ထောက်ခံသူတွေ သတ်ဖြတ်ခံနေရတာဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးယန္တရား ပြိုကွဲပျက်စီးနေမှုအပေါ် ပြည်သူတွေ လုံခြုံမှုမရှိတာက တန်ပြန်လက္ခဏာလို့ သုံးသပ်ပါတယ်။

“ဒါပေမယ့် အဲဒါတွေက စစ်ကောင်စီရဲ့ လုံခြုံရေးတပ်တွေက ပြည်သူအပေါ် ကျူးလွန်နေတဲ့ သတ် ဖြတ်မှုတွေ၊ ဖမ်းဆီးထောင်ချမှုတွေနဲ့ စာလို့ရှိရင် မပြောပလောက်ပါဘူး။ အဲဒီတော့ အဲဒီကိစ္စတွေဟာ ပြည်သူ့လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်ကြောင့်ကြနေရတဲ့ အခြေအနေရဲ့ မပြောပလောက်တဲ့ အစိတ်အပိုင်းလောက်ပဲလို့ ယူဆပါတယ်။ အခြေအနေတစ်ခုလုံးကတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ လုံခြုံရေးယန္တရားတွေ ပြိုကွဲပျက်စီးနေတဲ့အပေါ်မှာ ပြည်သူတွေ လုံခြုံမှုမရှိတာက တန်ပြန်လက္ခဏာဖြစ်တယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်ခင်ဗျ”လို့ သူက ဆိုပါတယ်။

တစ်ဖက်မှာတော့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့တွေကို အား ပေးထောက်ခံတာ၊ ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်နေတဲ့ ဒီမိုကရေစီလိုလားသူ အရပ်သားတွေနဲ့ နိုင်ငံရေးတက်ကြွသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသတ်ဖြတ်တာတွေလည်း ရှိနေတာပါ။

ဒါ့အပြင် ဒေသကာကွယ်ရေးတပ်ဖွဲ့(PDF) တို့နဲ့ဆက်နွယ်နေသူတွေ မိသားစုဝင်တွေနဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားလှယ်တွေ ပါတီဝင်တွေကိုလည်း သွေးသောက်နဲ့ စွန်ရဲအဖွဲ့တို့က သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ဆယ်ချီရှိနေပါတယ်။

ဒီအခြေအနေမှာ နှစ်ဘက်အဖွဲ့ကို အားပေးထောက်ခံကြတဲ့ ပြည်သူတွေရဲ့ မလုံခြုံမှုနဲ့ စိုးရိမ်မှုဟာ နှစ်ဘက်စလုံးမှာ ရှိနေတာကြောင့် တိုင်းပြည်မငြိမ်သက်မှု ရှည်ကြာလာရင် ပိုပြီး စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်လာမယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ) က ထောက်ပြပါတယ်။

“နှစ်ဘက်စလုံးမှာတော့ မလုံခြုံမှုနဲ့ စိုးရိမ်မှုရှိတယ်။ဒါကြောင့်မို့ နှစ်ဘက်စလုံးကတော့ စစ်ဥပဒေတို့ ကမ္ဘာက လိုက်နာနေတဲ့ ဥပဒေတွေအတိုင်း စစ်ရေးပစ်မှတ်နဲ့သာ ပတ်သက်တဲ့ တိုက်ခိုက်မှုမျိုးကိုပဲ လုပ်တာ ကောင်းတယ်။ မဆိုင်တဲ့ပစ်မှတ်တွေကို ချောင်းမြောင်းသတ်ဖြတ်တာ၊ ဖမ်းဆီးပြီး အရေးယူတယ်ဆိုတာတွေက တကယ်တမ်းကျတော့ ဘယ်အဖွဲ့အစည်းကလုပ်လုပ် ဒါကအကြမ်းဖက်လုပ်ရပ်ပဲ။ နှစ်ဘက်က တဖြည်းဖြည်း ပစ်မှတ်တွေက ကျယ်ကျယ်လာပြီး မနိုင်နိုင်ရာကို လက်စားပြန်ချေတဲ့ဟာမျိုးတွေ ဖြစ်လာနိုင်တာပေါ့။ နှစ်ဘက်စလုံး ဟိုဘက်ဒီဘက်ပါဝင်တဲ့ ပြည်သူလူထုရဲ့ ဘဝတွေက မလုံမခြုံ ပိုပိုပြီး စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်လာမှာပေါ့”လို့ သူက ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူ ၃၆၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး ၁၈၀၀၀ ကျော်ဟာ ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ ဇွန် ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်းအတွင်း မြို့ပြပြောက်ကျားတပ်ဖွဲ့တွေနဲ့ အခြားသော တော်လှန်ရေးအင်အားစုတွေက ၂၀၂၁ ခုနှစ် မေကနေ ၂၀၂၃ ခုနှစ် မေအထိ နှစ်နှစ်တာအတွင်း မြို့ပြစစ်ဆင်ရေးပေါင်း ၂၀၀၀ ကျော် ရှိခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်က ထုတ်ပြန်ပါတယ်။

အဲဒီစစ်ဆင်ရေးတွေမှာ စစ်ရေးပစ်မှတ်၊ အုပ်ချုပ်ရေးပစ်မှတ်နဲ့ စီးပွားရေးပစ်မှတ်တွေကို ပစ်ခတ်ဖောက်ခွဲတာတွေ လုပ်ဆောင်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် တော်လှန်ရေးရဲ ဘော် (၈၀) ကျော်ကျဆုံးခဲ့သလို (၁,၀၀၀) ကျော် ဖမ်းဆီးခံထားရတယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.