စစ်အာဏာရှင်စနစ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကို လက်နက်ကိုင်ခုခံတော်လှန်မှုနဲ့အတူ ကြံ့ကြံ့ခံ ရင်ဆိုင်တိုက်ပွဲဝင်နေကြတဲ့ စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုတွေစုပေါင်းပြီး ပထမ အကြိမ် စစ်ကိုင်းဖိုရမ်ကို ပြီးခဲ့တဲ့ မေ ၃၀ နဲ့ ၃၁ ရက်နေ့တို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဖိုရမ်မှာ နိုင်ငံရေး၊ စစ်ရေး၊ ဒေသန္တရာအုပ်ချုပ်ရေးနဲ့ အထွေထွေကဏ္ဍတွေအပေါ်အခြေခံပြီး တိုင်းအတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်းအသီးသီးက ဆွေးနွေးအဖြေရှာကာ သဘောထားစုစည်းချက်တွေ ရရှိခဲ့တယ်လို့ စစ်ကိုင်းဖိုရမ်က ဇွန် ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒါကြောင့် စစ်ကိုင်းဖိုရမ်ကနေ ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာလဲ၊ ရှေ့လုပ်ငန်းစဉ်တွေ အကောင်အ ထည် ဖော်ဆောင်ရွက်သွားမယ့် အခြေအနေ၊ စစ်ကိုင်းတိုင်းရဲ့ တော်လှန်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုလွမ်းသူနဲ့ ဆက်သွယ်မေးမြန်းချက်။


၁။ ပထမအကြိမ် ကျင်းပပြုလုပ်ခဲ့တဲ့ စစ်ကိုင်းဖိုရမ်မှာ ဒေသတွင်းက တော်လှန်ရေးအင်အားစုတွေ ကြားမှာ နိုင်ငံရေး၊ စစ်ရေး၊ ဒေသန္တရအုပ်ချုပ်ရေးကဏ္ဍတွေမှာ ဘယ်လိုအကြောင်းအရာတွေကို အဓိကထား ဆွေးနွေးခဲ့ကြလဲ။

– တော်လှန်ရေးအင်အားစုတွေစုဖွဲ့ပြီး ပထမဆုံးအနေနဲ့ စစ်ကိုင်းဖိုရမ်ကို ဆွေးနွေးဖြစ်တယ်။ ကဏ္ဍကြီး ၄ခုကို ဆွေးနွေးခဲ့တယ်။ ကဏ္ဍကြီး၄ခုက ဘာလဲဆိုတော့ နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးနဲ့ အထွေ ထွေကဏ္ဍတို့ဖြစ်တယ်။ နိုင်ငံရေးအင်အားစုမှာ အခြေခံအကြောင်းတရားကတော့ တော်လှန်ရေးမှာ ပေါင်းစုထားတဲ့ စစ်ကိုင်းတိုင်းလူထုတွေရဲ့ နိုင်ငံရေးမျှော်မှန်းချက် ပေါ်ပေါက်ဖို့က အခြေခံအကြောင်း တရားဖြစ်တယ်။ နိုင်ငံရေးကဏ္ဍမှာ အချက်(၂၀) ဆွေးနွေးခဲ့တယ်။ အသေးစိတ်အကြောင်းအရာ မြောက်မြားစွာရှိတယ်လို့ ရှိပါတယ်။ စစ်ရေးကဏ္ဍအနေနဲ့လည်း တကယ့်မြေပြင်ပကတိ အရှိတရားမှာ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ စုဖွဲ့ပေါင်းစပ်နိုင်ဖို့ ပကတိမြေပြင်မှာ စစ်ရေးမှာလည်း လက်တွေ့ကျကျ စုဖွဲ့နိုင်ဖို့ မေးခွန်း(၂၈)ခုကို ဆွေးနွေးနိုင်ခဲ့တယ်။ ဒေသန္တရအုပ်ချုပ်ရေးမှာလည်း ဗဟိုချုပ်ကိုင်မှု လျော့ချနိုင်မယ့် ဖက်ဒရယ်စံနှုန်းတွေနဲ့ ကိုက်ညီတဲ့အုပ်ချုပ်ရေး ပေါ်ပေါက်လာဖို့နဲ့ လက်ရှိမြေပြင်မှာ အုပ်ချုပ်ရေးကဏ္ဍ ပိုမိုအားကောင်းလာဖို့ ကိစ္စရပ်တွေ အချက်(၂၅)ချက် ဆွေးနွေး ခဲ့တယ်။ အထွေထွေကဏ္ဍမှာ CDMရေးရာ၊ သယံဇာတရေးရာ၊ လူထုလှုပ်ရှားမှု လူထုတိုက်ပွဲနဲ့ သပိတ် တိုက်ပွဲနဲ့ ကူညီကယ်ဆယ်ရေးကဏ္ဍလေးခုကို ဆွေးနွေးခဲ့တယ်။ CDMရေးရာမှာဆို ပုဂ္ဂလိက CDM ၊ပြည်သူ့ဝန်ထမ်းCDMပေါ့၊ သံယဇာတရေးရာနဲ့ တိုင်းထဲမှာရှိတဲ့ သယံဇာတတွေက ဘယ်လိုပုံစံရှိနေ သလဲပေါ့ သယံဇာတရေးရာမှာလည်း ဒါမျိုးဆွေးနွေးချက်တွေ ထည့်သွင်းဆွေးနွေးခဲ့တယ်။

၂။ စစ်ကိုင်းဖိုရမ်မှာ တော်လှန်ရေးအင်အားစုတွေက စစ်ရေး၊ နိုင်ငံရေး အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဘာတွေတင်ပြဆွေးနွေးတာတွေ ရှိခဲ့လဲ။

– တကယ်တော့ ကျွန်တော်တို့က နိုင်ငံရေးဆိုလည်း နိုင်ငံရေးအရ စုဖွဲ့နိုင်တဲ့ အခြေအနေ မရှိသေးတာ ရှိတယ်။ ဘုံနိုင်ငံရေး စစ်ကိုင်းတိုင်းရဲ့ မျှော်မှန်းချက်က ဘာလိုရှိမလဲဆိုတာ စစ်ရေးမှာဆို လက်နက်ခဲ ယမ်းမပြည့်စုံမှုတွေ ၊ အရေးကြီးတဲ့ စစ်ဖက်ဆိုင်ရာစုဖွဲ့မှုပေါ့။ ဒါကိုလည်းထုတ်ပြန်ထားပြီးသား ဖြစ် တယ်။ အဓိကက လက်နက်ခဲယမ်းမပြည့်စုံတဲ့နေရာတွေ ပေါင်းစပ်နိုင်မှု လိုအပ်နေသေးတယ်ဆိုတဲ့ အခြေခံသဘောတရားတွေပဲ ဖြစ်ပါတယ်။

၃။စစ်ကိုင်းဖိုရမ်ဟာ ဖက်ဒရယ်ယူနစ်တစ်ခု ဒါမှမဟုတ် ဗမာပြည်နယ်တစ်ခုအနေနဲ့ ဖွဲ့စည်းဖော်ဆောင် ဖို့ သဘောများလား၊ ဘယ်လိုမျိုးလဲ၊ ရှင်းပြပေးပါဦး။

-စစ်ကိုင်းလူထုရဲ့ နိုင်ငံရေးအမြင်ပြီးရင် ကြားကာလမှာ စစ်ကိုင်းတိုင်းဟာ မြေပေါ်မြေအောက်တော် လှန်ရေး အားကောင်းပြီး ဆုံးရှုံးနစ်နာမှုလည်း အများဆုံးဖြစ်တယ်။ သို့သော်စုဖွဲ့ထားနိုင်မှုနည်းတဲ့ အခါ တိုင်းတစ်တိုင်းသို့ အစုအဖွဲ့တစ်ခု ပေါ်ပေါက်ဖို့ ဆိုတာတော့ ဖက်ဒရယ်ယူနစ်တွေ ဗမာပြည် နယ်တွေဆိုတာထက် ဖက်ဒရယ် ပြည်ထောင်စုတစ်ခုပေါ်ပေါက်လာဖို့ အတွက် ကျွန်တော်တို့ စစ်ကိုင်း ဒေသကနေ ကြိုတင်စီမံဆောင်ရွက်တဲ့ အနေအထားလို့ပဲ ပြောချင်တယ်။ ဖက်ဒရယ်ယူနစ်တစ်ခု ပေါ်ပေါက်လာဖို့ ဆိုတာထက် ဖက်ဒရယ်နဲ့ကိုက်ညီတဲ့ အချက်တွေကို ကျွန်တော်တို့ စစ်ကိုင်းတိုင်း ကနေ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားချက်လို့ပဲ ဖြေချင်တယ်။



၄။ အခုဆိုရင် နွေဦးတော်လှန်ရေးကာလက ၂ နှစ်ကျော်ရှိလာခဲ့ပြီ၊ ဆိုတော့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ စစ်ကောင်စီတပ်ကို ရင်ဆိုင်ရာမှာ ဘာတွေများ အရေးတကြီး လိုအပ်နေတာရှိမလဲ။

– စစ်ကိုင်းတိုင်းက အထိုက်အလျောက် မောင်းပြန်သေနတ်တွေ ရရှိလာခဲ့တယ်။ သို့သော် ကောင်းမွန်တဲ့ တပ်စုမဖြစ်သေးဘူး။ ပြီးရင် ရှိနေတဲ့ လက်နက်တွေအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ၊ ကျည် တွေ ဖြည့်တင်းဖို့ စားနပ်ရိက္ခာတွေ ရဲဘော်တွေရဲ့ စစ်သုံးချပ်ဝတ်တန်ဆာတွေ အစရှိတဲ့ဒါတွေ တပ် ဆင်ပေးနိုင်ဖို့ဆိုရင် ငွေကြေးတွေလည်း လိုအပ်တယ်။ ဒါအပြင် လက်နက်ကိုင်တော်လှန်ရေး အင်အား စုအချင်းချင်းက စုဖွဲ့ပေါင်းစပ်နိုင်မယ့် ဦးဆောင်စုဖွဲ့ပေးနိုင်မယ့် နိုင်ငံရေးအဖွဲ့အစည်းတစ်ခုပေါ့၊ စစ် ရေးကပြောတာဆို စစ်ရေးကော်မရှင်တစ်ခု လိုအပ်နေတယ်။ တက်ရောက်လာတဲ့ အစုအဖွဲ့တွေက ဆွေးနွေးတာ ကြားသိခဲ့ရတယ်။

၅။ စစ်ကိုင်းဖိုရမ် ထုတ်ပြန်ချက်အရ စစ်ကိုင်းဒေသမှာ တိုင်းအဆင့် အရေးတကြီးလိုအပ်နေတဲ့ နိုင်ငံရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်တွေအဖြစ် အချက် ၄ ချက်ကို ထည့်သွင်းဖော်ပြထားတာ တွေ့ရတယ်။ အဲဒီအချက်ပေါ်မှာ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ ဘာတွေများ စိန်ခေါ်မှုရှိနေမလဲ။

– ကြားကာလအစီအမံတို့ စုဖွဲ့ပြင်ဆင်နိုင်ဖို့တို့ ဒါတွေရှိတဲ့အခါမှာ ဒါပထမဆုံးအကြိမ်ဖြစ်တော့ ပထမ အကြိမ်ဖိုရမ်တင်မဟုတ်တော့ပဲနဲ့ နောက်နောင်မှာလည်း ကျွန်တော်တို့က ဖိုရမ်တွေ ဆက်ကျင်းပသွား မယ်ဆိုတာလည်း ထုတ်ပြန်ထားသလို ဒီဖိုရမ်ကို တက်ရောက်ဖို့ အဆင်မပြေလိုက်ကြတဲ့ တော်လှန် ရေးအင်အားစုတွေကို ထပ်မံဖိတ်ခေါ်ပြီး ပိုမိုအားကောင်းတဲ့ အင်အားစု အားလုံးနီးပါးစုဖွဲ့နိုင်ဖို့ ပထ မဆုံး လိုအပ်ချက်လို့ ကျွန်တော်က မြင်တယ်ပေါ့။ ဒီဖိုရမ်တွေကို တစ်ကြိမ်ကနေ နှစ်ကြိမ်အချင်းချင်း ကြားမှာ အကျေအလည်ဖြစ်ပြီဆိုမှ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ထုတ်ပြန်ချက်ပါ အချက်လေး ချက်ကို လုပ်လို့ရတဲ့အခန်းကဏ္ဍကနေ ပေါင်းစပ်လုပ်ကိုင်နိုင်ပြီဆိုရင် ကျွန်တော်က အဲဒီမေးခွန်းကို ဖြေချင်ပါတယ်။


၆။ နောက်ဆုံးအနေနဲ့ စစ်ကိုင်းဖိုရမ်ကနေ စစ်ကိုင်းဒေသကြီး တစ်ခုလုံးအတွက် စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးတွေမှာ စီမံခန့်ခွဲနိုင်တဲ့ တော်လှန်ရေးယန္တရားကြီး တရပ်ရရှိဖို့ ဘယ်လိုမျိုး ရလဒ်ကောင်းတွေ ရရှိထားပြီးပြီလဲ။ အဲဒီရလဒ်ကနေ စစ်ကိုင်းဒေသတစ်ခုလုံးပေါ် ဘယ်လောက်ထိ လွှမ်းခြုံမှု ရှိနိုင်မလဲ။

– ဒီဖိုရမ်ကတော့ ကျွန်တော်ပြောခဲ့သလိုပဲ ပထမဆုံးအကြိမ်စစ်ကိုင်းဖိုရမ်ဖြစ်တယ်။ စစ်ကိုင်းဖိုရမ်မှာ မြို့နယ်ပေါင်း(၂၈)မြို့နယ်က တော်လှန်ရေးအင်အားစုတွေ နိုင်ငံရေးအင်အားစုတွေ တက်ရောက်ခဲ့ ကြတယ်။ အဖွဲ့အစည်းပေါင်း(၁၇၉)ဖွဲ့ တက်ရောက်ပြီး ပြင်ပလေ့လာသူ(၃၁)ဦး မဟာမိတ်အဖွဲ့ တွေက သဝဏ်လွှာပေးပို့တာတွေ ရှိတယ်။ နိုင်ငံရေး၊ စစ်ရေးအစရှိတဲ့ကဏ္ဍတွေမှာ ပိုမိုကောင်းမွန်ဖို့ ဆွေးနွေးတဲ့အခါမှာ တကယ်ကို မျှော်မှန်းချက်ခိုင်မာတဲ့ အသေးစိတ်အချက်အလက်တွေကို ဆွေး နွေးခဲ့တယ်။ အဲဒီအချက်အလက်တွေကို သက်ဆိုင်ရာ အင်အားစုတွေကို ပြန်လည်ပေးပို့ပြီးမှ နောက်ထပ်ဖိုရမ်မှာ ဒီထက် ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေရလာမယ်။ အဲဒီကနေ ပိုမိုကောင်းမွန်တဲ့ စစ်ကိုင်းတိုင်းအတွက် အမြင်တွေ၊ အချက်အလက်တွေပြီးရင် အသေးစိတ်ဆွေးနွေးထားတဲ့ အရာ ရလိုက်တယ်လို့ ပြောချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.