သထုံ၊ ဇွန်(၂)

ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်အစပ် ဒုံသမိတံတား ကရင်ဘက်ခြမ်းနဲ့ သထုံဘက်ခြမ်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အတွင်း အရပ်သားတွေအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒုံသမိတံတားစစ်ဆေးရေးဂိတ်ကို ဇွန် ၁ ရက်နေ့ မနက် ၆ နာရီလောက်မှာ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေအပြင် ကားမိုင်းထောင်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု တစ်နာရီခွဲကျော်ကြာဖြစ်ပွားခဲ့ပြီး ခရီးသွားကားတွေလည်း နာရီနဲ့ချီပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

နှစ်ဖက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၂ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သလို အရပ်သား ၂ ဦး သေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒုံသမိတံတားတိုက်ပွဲအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် ဒူးရင်းဆိပ်ကျေ းရွာ၊ ကျေးလက်ဆေးပေးခန်းနဲ့ ဒေသခံတွေရဲ့ နေအိမ်ခြံစည်းရိုးတချို့ မီးလောင်ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဋ္ဌကတော့ အဲဒီတိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့က ရဲဘော်တချို့ ထိခိုက်ဒဏ်ရာရတာနဲ့ စစ်ကောင်စီထံကနေ လက်နက်တချို့ သိမ်ဆည်းတာတွေရှိပေမယ့် အသေးစိတ်အချက်အလက်ကို ထုတ်ပြန်ပေးမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒုံသမိတံတားစစ်ဆေးရေးဂိတ်ဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း မကြာခဏ တိုက်ခိုက်ခံနေရပေမယ့် အခုတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီဘက်က အထိနာခဲ့တာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့်ချန်နယ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.