မော်လမြိုင် – ဇွန်(၁)

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအတွင်းက မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ လူပေါင်း (၂) သိန်း (၃) သောင်း ကျော်အတွက် အသက်ကယ် စားနပ်ရိက္ခာတွေ ထောက်ပံ့ထားတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေလ(၁၄) ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မုတ်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေဟာ လက်ရှိ အချိန်ကာလအတွက်တင်မဟုတ်ဘဲ ရေရှည်အတွက်ပါ စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်နိုင်သလို ရခိုင်ပြည်နယ်မှာ ပင်လယ်ရေငံဝင်ရောက်ခဲ့တဲ့အတွက် လယ်မြေတွေနဲ့ ငါးကန်တွေ ပျက်စီခဲ့ သလို စပါးမျို့စေ့တွေအပြင် တိရိစ္ဆာန်တွေလည်း ပျက်စီးဆုံးရှုံးခဲ့ရတာပါ။

ရခိုင်ပြည်နယ်အလယ်ပိုင်းကကျောက်တော်၊ကျောက်ဖြူ၊စစ်တွေ၊ပုဏ္ဏားကျွန်း၊ပေါက်တော၊မြေပုံ၊မြောက်ဦးနဲ့ ရသေ့တောင်မြို့နယ်တွေ အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေကိုWFP ရဲ့ စားနပ်ရိက္ခာအထောက်အပံ့တွေရောက်ရှိ ခဲ့တယ်လို့ သိရပါ တယ်။

WFP ရဲ့ စားနပ်ရိက္ခာအထောက်အပံ့ပေးခဲ့သူတွေထဲမှာ မုန်တိုင်းမတိုက်ခင်ထဲက ရခိုင်ပြည်နယ် မှာ လက်နက်ကိုင် ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ မိသားစုတွေအပြင် ရခိုင်ပြည်နယ် အလယ်ပိုင်းက ဒုက္ခသည်စခန်းတွေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကျေးရွာတွေက ရိုဟင်ဂျာ မိသားစုတွေ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာတော့ နိုင်ငံတဝှမ်းက ဝမ်းရေးဖူလုံမှုမရှိတဲ့ လူဦးရေ (၂.၁) သန်းအတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ အဟာရ အကူအညီတွေကို အခုနှစ်ကုန်ပိုင်းအထိ ပေးအပ်နိုင်ဖို့ အတွက် အမေရိကန်ဒေါ်လာသန်း(၆၀) ရရှိဖို့ ရန်ပုံငွေရှာဖွေနေပြီး ရန်ပုံငွေ ထပ်မံမရရှိပါက လာမယ် ၂၀၂၃ ခုနှစ် ဩဂုတ်လကစပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်တန့်နိုင်တယ်လို့ WFP က ဆိုထားပါတယ်။

WFP နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ ပြုလုပ်တဲ့ စောင့်ကြည့်လေ့လာရေးမှတ်တမ်းတွေအရ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ နေရာတွေမှာ စားနပ်ရိက္ခာ၊အမိုးအကာ၊ သောက်ရေ၊သုံးရေနဲ့ သန့်ရှင်းရေး အခက်အခဲတွေဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ရခိုင်ပြည်နယ်တွင်း မုန်တိုင်းတိုက်ခတ်မှုပြီး အခြေအနေ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.