မော်လမြိုင်၊ ဇွန်(၁)

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ဖဲထော်ကျေးရွာ လယ်ကွင်းထဲမှာ မေ ၃၁ ရက်နေ့ မနက်ပိုင်းက အ သတ်ခံထားရတဲ့ သားအဖနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အသတ်ခံလိုက်ရတဲ့ သားအဖနှစ်ဦးဟာ ဖဲထော်ကျေးရွာနေ အသက် ၇၀ အရွယ်ဦးမြင့်နဲ့ အသက် ၄၀ အရွယ်သားဖြစ်သူ ဦးအုန်းဟန်တို့ ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ ၂ ဦးဟာ မေ ၃၀ ရက်နေ့ ညပိုင်းမှာ နေအိမ်ပြန်မလာတာကြောင့် မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက လိုက်လံရှာဖွေစဉ် လယ်ကွင်းထဲမှာ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တာပါ။

သေဆုံးလျက် ပြန်လည်တွေ့ရှိစဉ် ဖခင်ဖြစ်သူဦးမြင့်မှာ ယာဘက်မျက်လုံးအပေါ် သုံးလက်မနီးပါး ပြတ်ရှဒဏ်ရာတစ်ချက်၊ ယာဘက်ပါးပေါက်ပြဲဒဏ်ရာတစ်ချက်၊ ဦးခေါင်းဝဲဘက် ဂျိုစောင်းပေါက်ပြဲဒဏ်ရာတစ်ချက်နဲ့ သေဆုံးနေတာပါ။

သားဖြစ်သူ ဦးအုန်းဟန်မှာလည်း ဦးခေါင်းနောက်စေ့ပွင့်ထွက် ဒဏ်ရာတစ်ချက်၊ နဖူး ဖူးရောင်ဒဏ် ရာတစ်ချက်နဲ့ ဝဲဘက်မျက်လုံးအောက် ပြတ်ရှဒဏ်ရာတစ်ချက်နဲ့ သေဆုံးခဲ့ပါတယ်။

ဒေသခံတွေအဆိုအရ သူတို့ သားအဖ ၂ ဦးဟာ အရက်အတူတူ ထိုင်သောက်သူတွေနဲ့ စကားများရာကနေ ဓါးနဲ့ ခုတ်သတ်ခံရတာ ဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

သားအဖနှစ်ဦး ဓါးနဲ့ခုတ်သွားတယ်ဆိုတဲ့ သံသယဖြစ်သူတွေကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပေမယ့် လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှု အား နည်းလာတာကြောင့် ပစ္စည်းလုပြီး လူကိုသတ်ဖြတ်တာအပြင် အသတ်ခံရတဲ့ ဖြစ်စဉ်အများစုကို စစ်ကောင်စီရဲတပ်ဖွဲ့ဘက်က ဖော်ထုတ်အရေးယူမှု မရှိသလောက်နည်းပါးနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.