ဘီးလင်း၊ ဇွန်(၁)

မွန်ပြည်နယ် ဘီးလင်းမြို့နယ် သပြေနီကျေးရွာအနီး သံတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို KNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီဥက္ကဋ္ဌက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မေ ၃၁ ရက်နေ့ မနက် ၆ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ကျော် တပ်စွဲနေထိုင်နေတဲ့ သံတံတားစစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ သူရိ ယစစ်ကြောင်း ပူးပေါင်းအဖွဲ့တွေ သွားရောက် တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု နာရီဝက်နီးပါးအကြာဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက် ဒဏ်ရာရာတွေရရှိခဲ့ပါတယ်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပူးပေါင်းအဖွဲ့ဘက်ကလည်း ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်း ဘီးလင်းဘက်ခြမ်းနဲ့ကျိုက်ထိုဘက်ခြမ်းမှာ ခရီးသွားကား ရာနဲ့ချီပိတ်မိခဲ့ပြီး မနက် ၈ နာရီလောက်မှာတော့ ပုံမှန်အတိုင်း ပြန်လည်သွားလာနေကြပြီလို့ သိရပါတယ်။

ဘီးလင်းသံတံတားဂိတ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက် တပ်စွဲနေ ထိုင်နေတဲ့အတွက် KNLA ပူးပေါင်းတပ်ဖွဲ့က မကြာခဏဆိုသလို သွားရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က အထိနာနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ/SBM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.