ထားဝယ်၊ ဇွန်(၁)
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးကျေးရွာထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင် စီတပ်ဟာ ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တပ်အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မေ ၃၁ ရက်နေ့ မနက်အစောပိုင်းမှာ ရေဝိုင်း ကျေးရွာဘက်ကနေ သင်္ကန်းတုံးကျေးရွာထဲကို လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်ဝင်ရောက်လာပြီးနောက် ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာပါ။
ဒေသခံတွေအဆိုအရ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးထားတာကြောင့် ကနဦးမှာ ဒေသခံနေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီးတာတွေရှိနေပြီး အရေအတွက် အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
အဲဒီဖြစ်စဉ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသ PDF ကင်းအဖွဲ့တို့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့အတွက် PDF ရဲဘော် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သလို သေနတ် ၂ လက် ဆုံးရှုံးထားတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီစစ်ကြောင်းရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သင်္ကန်းတုံးရွာသူ သား အမိ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့အတွက် ထားဝယ်ဆေးရုံသို့ ဆေးကုဖို့သွားချိန် ဗျောတောဝဂိတ်မှာ စစ်ကောင်စီဘက်က တားဆီးထားတယ်လို့ သိရပါတယ်။
သင်္ကန်းတုံးကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာအတွင်း ဝင်ရောက်လာစဉ် ဒေသခံ ဦးထွန်းဝင်းနဲ့ ကိုနိုင်တို့ ၂ ဦးကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
စစ်ကောင်စီ စစ်ကြောင်းဝင်လာလို့ သင်္ကန်းတုံးကျေးရွာက ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ