မိုင်းလား၊ ဇွန်(၁)

တရုတ်ကြားဝင်ညှိနှိုင်းပေးမှုအရ စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ (NSPNC) နဲ့ ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ သုံးဖွဲ့တို့ တွေ့ဆုံမှုဟာ နွေဦးတော်လှန်ရေးအပေါ် သက်ရောက်မှု ရှိလာနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက် ရေး တပ်မတော် (TNLA) နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် ကိုးကန့်အဖွဲ့ (MNDAA) ကိုယ် စားလှယ်တွေဟာ စစ်ကောင်စီနဲ့ တွေ့ဆုံဖို့အတွက် မေ ၃၀ ရက်နေ့မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊အထူးဒေသ (၄) မိုင်းလားမြို့ကို ရောက်ရှိလာကြပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီရဲ့ အမျိုးသားမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ကိုယ်စားလှယ်တို့ဟာ တရုတ်ရဲ့ကြားဝင်ညှိနှိုင်းမှုအရ ဇွန် ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိနေပါတယ်။

အဲဒီဆွေးနွေးပွဲအောင်မြင်စွာ ဖြစ်မြောက်ရေးအတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးအထူးသံတမန် မစ္စတာကောပေါင်ကလည်း မိုင်းလားမြို့ကို ရောက်ရှိနေပြီး တရုတ်ကိုယ်စားလှယ်အဖြစ် ပါဝင်သွားမယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) မိုင်းလားအဖွဲ့ကတော့ ဆွေးနွေးပွဲတက်မယ့် ကိုယ်စား လှယ်တွေအတွက် နေထိုင်စားသောက်မှုနဲ့ လုံခြုံရေးတွေကို တာဝန်ယူပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ တော်လှန်ရေးအင် အားစုတွေက စစ်ကောင်စီကို ဖြုတ်ချနိုင်ဖို့ ပြန်လှန်ထိုးစစ်တွေ ပြင်ဆင်နေချိန်မှာ ဒီလိုမျိုးအနေအထားဟာ နွေဦးတော်လှန်ရေးအတွက် ကြီးမားတဲ့အတားအဆီးဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ဒီနေ့လို စစ်ကောင်စီကို ဖြုတ်ချနိုင်ဖို့အတွက် ပြန်လှန်ထိုးစစ်တွေလုပ်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ ဒီလိုအနေအထားမျိုးတွေ ပေါ်ပေါက်လာတာဟာ နွေဦးတော်လှန်ရေးအတွက် ကြီးမားတဲ့ အတားအဆီး ဖြစ်ပါတယ်။ သို့သော်တချိန်တည်းမှာ ဒီလိုလုပ်ဆောင်မှုဟာ ဘာကြောင့်ဖြစ်လာတာလဲဆိုရင် တရုတ်ရဲ့ မြန်မာ့နိုင်ငံရေးအတွင်း ပါဝင်စွက်ဖက်မှုဟာ ရှိသင့်တဲ့အတိုင်းအတာထက် ပိုပြီးတော့ အလွန်အကျွံ စစ်ကောင်စီနဲ့ ပူးပေါင်းရေး၊ စစ်ကောင်စီဆက်လက်တည်တံ့ရေးလုပ်နေတဲ့အတွက် ပြည်သူတွေကို ကျောခိုင်းထားတဲ့ လုပ်ရပ်ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ဒါကြောင့် မြန်မာ့အရေးဖြေရှင်းရာမှာ တရုတ်ရဲ့ဝင်ရောက်စွက်ဖက်မှုအပေါ် ဒီမိုကရေစီအင်အားစုတွေဖြစ်တဲ့ အမေရိကန်အပါအဝင် အနောက်ဥရောပနိုင်ငံတွေအနေနဲ့ တဆင့်တိုးပြီး လိုအပ်တဲ့ ပံ့ပိုးမှုတွေလုပ်နိုင်ဖို့ ကြိုးစားသင့်တဲ့အချိန်ရောက်ပြီလို့ ဦးသန်းစိုးနိုင်က ထောက်ပြပါတယ်။

စစ်ကောင်စီဘက်ကတော့ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ (NSPNC) တို့ တွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်ပြီး မေ ၃၁ ရက်နေ့အထိ တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။

တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇော်ကတော့ ညီနောင်မဟာမိတ် သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ ဆွေးနွေးမှုဟာ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ သူတို့လိုချင်တာကို တရုတ်ကတဆင့် ပြောဆိုနိုင်ပေမယ့် တော်လှန်ရေးအပေါ် တစ်စုံတစ်ရာ ထိခိုက်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“တရုတ်ကို လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေအနေနဲ့ သူတို့ ဘာလိုချင်တယ်ဆိုတာ တ ရုတ်ကနေတဆင့် ပြောနိုင်တာပေါ့ဗျာ။ ဒါဟာလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအတွက် အား ကောင်းချက်ပေါ့။ အားနည်းချက်က လက်နက်ကိုင်တော်လှန်ရေးလုပ်နေတဲ့ ပြည်တွင်းက ရဲဘော်တွေအတွက် တစ်စုံတစ်ရာ ထိခိုက်နိုင်တာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆို တရုတ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲစားပွဲပေါ်မှာ တွန်းတင်နေတော့ EAO တွေအနေနဲ့ ကျန်တဲ့CDM လုပ်ထားတဲ့သူတွေ နွေဦးတော် လှန်ရေးက PDF တွေကို ထောက်ခံရတာ အားပေးရတာ နည်းနည်းတန့်သွားတာတော့ ရှိတာပေါ့ဗျာ”လို့ သူက ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်ကတော့ ဒီတွေ့ဆုံမှုဟာ အခြေအနေတစ်ခုခုကြောင့် ဒါမှမဟုတ် ဖိအားတစ်စုံတစ်ရာကြောင့် ဖြစ်နိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခြေအနေတစ်ခုခုကြောင့် ဒါမှမဟုတ် ဖိအားတစ်စုံတစ်ရာကြောင့် တွေ့ဆုံရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုတွေ့ဆုံတယ်ဆိုတာ တစ်ခုတည်းတင်မဟုတ်ဘဲနဲ့ တကယ်လို့တွေ့ဆုံကြတဲ့အခါမှာ ဘာတွေပြောဆိုဆွေးနွေးကြသလဲ။ ဘယ်လိုအကြောင်းအရာတွေ ဆွေးနွေးကြသလဲ။ ပြီးတော့ ဘယ်လိုသဘောတူညီချက် တွေရရှိခဲ့သလဲဆိုတဲ့ ဒီကိစ္စကိုတော့ ဆက်လက်ပြီးတော့ စောင့်ကြည့်ဖို့လိုပါမယ်။ ဒီလိုမျိုး ဘာတွေပြောဆိုဆွေးနွေးပြီး ဘာသဘောတူညီချက်တွေရတယ်ဆိုတဲ့ဟာကို မသိရသေးခင်အချိန်မှာတော့ ကျွန်တော် တို့သဘောထားမှတ်ချက် တစ်စုံတစ်ရာပေးဖို့ ခက်ခဲပါတယ်ခင်ဗျ” လို့ ဆိုပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ စစ်ကောင်စီတပ်ကို လက်နက်ကိုင်ခုခံတော်လှန်နေတဲ့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (PDF) တွေကို စစ်ပညာသင်တန်းပေးပြီး လက်နက်ခဲယမ်းတွေ ကူညီထောက်ပံ့ပေးနေသလို တော်လှန်ရေးအဖွဲ့အစည်းတချို့နဲ့ လက်တွဲကာ စစ်အာဏာရှင်စနစ် တိုက်ထုတ်နိုင်ဖို့ ဆက် လက်လုပ်ဆောင်သွားမယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့မှာ ကြေညာထားတာပါ။

တစ်ဖက်မှာတော့ ညီနောင်မဟာမိတ် သုံးဖွဲ့တို့ ပါဝင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ကလည်း မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ ပြည်တွင်းပဋိပက္ခတွေ ပြေလည်ချုပ် ငြိမ်းရေးအတွက် တရုတ်ရဲ့ ကြားဝင်ဆောင်ရွက်မှုအပေါ် ကြိုဆိုထောက်ခံတယ်လို့ မတ်လဒုတိယအပတ်အတွင်း ထုတ်ပြန်ခဲ့ပါတယ်။

ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ကို “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဦးဆောင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့နဲ့ စုဖွဲ့ထားပြီး အိမ် နီးချင်း တရုတ်နိုင်ငံနဲ့ နယ်မြေချင်း ထိစပ်နေတဲ့အတွက် ကောင်းမွန်တဲ့ဆက်ဆံရေးတွေ ရှိနေတာပါ။

FPNCC ရဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ဟာ စစ်ကောင်စီနဲ့ ၄ ကြိမ်ထက်မနည်း တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

လက်ရှိမှာ FPNCC အဖွဲ့ဝင် ညီနောင်မဟာမိတ်သုံးဖွဲ့က စစ်ကောင်စီနဲ့ ဆွေးနွေးမှာ ဖြစ်တဲ့အတွက် နွေဦးတော်လှန်ရေးမှာ စွမ်းစွမ်းတမံပါဝင်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တစ်ဖွဲ့တည်းသာ စစ်ကောင်စီနဲ့ဆွေးနွေးဖို့ ကျန်ရှိတော့တဲ့ အနေအထားဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.