မော်လမြိုင်၊ မေ(၂၈)

ဒေါ်လာဈေးနှုန်း မြင့်တက်လာမှုကြောင့် အခုရက်ပိုင်းအတွင်း ပြည်တွင်းရွှေဈေးဟာ မီးလင်းအ ခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၃၁ သိန်းအထိ ဈေးနှုန်းခုန်တက်လာပြီး ဈေးနှုန်းမတည်ငြိမ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရွှေဈေးနှုန်းဟာ သင်္ကြန်ပြီးနောက် တစ်ကျပ်သား ကျပ် ၂၉ သိန်းဝန်းကျင်သာ ရှိရာကနေ မေလနောက်ဆုံးအပတ်မှာတော့ တစ်ကျပ်သားကို ကျပ် ၃၁ သိန်းအထိ ဈေးနှုန်းထပ်မံမြင့်တက်လာခဲ့တာပါ။

ဒေါ်လာဈေးနှုန်းကလည်း တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၂၈၇၀ ဝန်းကျင်သာ ရှိခဲ့ရာကနေ မေ ၂၇ ရက်နေ့မှာတော့ တစ်ဒေါ်လာကို ကျပ် ၂၉၅၅ ကျပ်အထိ ဈေးနှုန်းမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ရွှေလုပ်ငန်းရှင်တစ်ဦးကတော့ ရွှေဈေးနှုန်းဟာ ဒေါ်လာဈေးရုတ်တရက် မြင့်တက်လာတဲ့အတွက် ဈေးနှုန်းလိုက်တက်တာဖြစ်ပေမယ့် နိုင်ငံရေးအခြေအနေအရ ခန့်မှန်းရခက်တဲ့ အခြေအနေအထိ ဖြစ်ပေါ်နေတယ်လို့ ပြောပါတယ်။

“ရွှေဈေးတွေကတော့ အခုဒီရက်ပိုင်းတက်နေတာကတော့ ဒေါ်လာဈေးတက်လို့လေ။ ဒေါ်လာဈေးက (၂၉၀၀) ကျော်သွားပြီး၊ လက်ရှိ ဖြစ်ပွားတဲ့ကိစ္စကတော့ ဒေါ်လာဈေးကြောင့်ဖြစ်တယ်။ လတ် တလော နိုင်ငံရေးအခြေအနေကလည်း ခန့်မှန်းရခက်တဲ့ အခြေအနေမျိုးတွေမှာ ရှိနေတယ်။ ဘာကြောင့်တက်လဲ၊ ဘာကြောင့်ကျလည်းဆို တစ်ခါတရံမှာ ပြောဖို့အရမ်းခက်တယ်ပေါ့နော်။ တကယ် လို့ ဒေါ်လာဈေးကအခြေအနေတစ်ခုခုကြောင့် ရုတ်တရက်ကြီးဖြစ်စဉ်တစ်ခုခု အပြောင်းအလဲမှာ တည်ငြိမ်သွားတယ်ဆိုရင် ရွှေဈေး၊ ဒေါ်လာဈေးကလည်းကျသွားမယ်။ ရွှေဈေးကလည်း ဝုန်းဆိုလိုက်ကျမှာပဲ”လို့ ဆိုပါတယ်။

ပြည်တွင်းရွှေဈေးနှုန်း ရုတ်တရက်မြင့်တက်လာတာကြောင့် ဈေးကွက်အတွင်း ရွှေဝယ်ယူစုဆောင်းမှု ရပ်တန့်နေပြီး ရွှေရောင်းချသူ အနည်းငယ်သာရှိတဲ့အတွက် အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးကတော့ ဒေါ်လာဈေးကြောင့် ရွှေဈေးနှုန်းမြင့်တက်အောင် လုပ်ဆောင်နေသူတွေကို ဌာနဆိုင်ရာတွေက အရေးယူဖို့ စီစဉ်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒေါ်လာဈေးတက်လို့ တက်တဲ့သဘောပါပဲ။ ကမ္ဘာ့ရွှေဈေးက ကျတယ်။ ပြည်တွင်းမှာက ဒေါ်လာ ဈေးက ဒီမုန်တိုင်းတိုက်တဲ့အတွက် သွင်းကုန်သွပ်တို့၊ သံတို့ သွင်းတာတွေများတယ်။ နောက် EVကားတွေ သွင်းတာများတယ်။ ဒေါ်လာဈေး နည်းနည်းတက်တော့ ရွှေဈေးကနည်းနည်း ယောက်ယက် ခတ်နေတယ်။ ပြည်တွင်းမှာလည်း အမြင့်ဈေးနဲ့ ဝယ်ထားတဲ့သူတွေက ဈေးကိုင်တာရှိတယ်။ ဈေးကိုင်ပြီး ပြန်မရောင်းတာရှိတယ်။ နောက်နယ်ကလည်း နည်းနည်းအဝင်ကျဲတယ်ပေါ့။ ပစ္စည်းအဝင် နည်းနည်းကျဲလာတယ်။ တည်ငြိမ်အောင်တော့ အခုလုပ်နေတာပဲ။ လက်ငင်းအရောင်းအဝယ် လုပ်တာတို့ ဘာတို့ နယ်စပ်ဖြတ်ကျော် တားဆီးတာတို့ ဈေးကစားတဲ့သူတွေ ပပျောက်အောင် လုပ်တာတို့ အဲဒါမျိုးတော့ ဆောင်ရွက်နေတယ်။ အဲဒါက ဌာနဆိုင်ရာက အရေးယူဆောင်ရွက်တာဗျ။ ကျွန်တော်တို့ဆီကတော့ စည်းရုံးရေးအရ ပြောတာဆိုတာပဲရှိတယ်”လို့ ဆိုပါ တယ်။

ကမ္ဘာ့ရွှေဈေးကွက်မှာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၉၅၀ ဝန်းကျင်အထိ ဈေးနှုန်းကျဆင်းနေပေမယ့် ပြည်တွင်းရွှေဈေးကွက်မှာတော့ ရွှေဈေးနှုန်းအတက်ကြမ်းနေတာ ဖြစ်ပါတယ်။

ဒေါ်လာဈေး မြင့်တက်လာမှုကို စစ်ကောင်စီဗဟိုဘဏ်ကတော့ ဒေါ်လာဈေးနှုန်း တည်ငြိမ်ဖို့အတွက်ဆိုပြီး ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်းကို ပြောင်းလဲမှာမဟုတ်သလို ဘဏ်တွေရဲ့ ငွေလဲကောင် တာတွေမှာလည်း နိုင်ငံခြားငွေ ငွေသားကို တိုးမြှင့်ရောင်းချပေးသွားမယ်လို့ မေ ၂၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ပြည်တွင်းရွှေဈေးဟာ စစ်တပ်အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဩဂုတ်လနောက်ဆုံးပတ်အတွင်း တစ်ဒေါ်လာကို ကျပ် ၄၅၀၀ ဝန်းကျင်အထိ ဈေးနှုန်းအဆမတန် မြင့်တက်ခဲ့တဲ့အတွက် မီးလင်းအခေါက် ရွှေတစ်ကျပ်သားကို ကျပ် ၃၅ သိန်းကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ဖူးပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.