ချောင်းဦး – မေ(၄)

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာ ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တချို့က လူငယ်(၇) ဦး ကို စစ်ကောင်စီသတင်းပေဆိုတဲ့ စွပ်စွဲချက်နဲ့ သတ်ဖြတ်ခဲ့တဲ့အတွက် အရေးယူဆောင်ရွက်နေတဲ့ အခြေအနေတွေကို NUG ကသတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဩဂုတ်လ(၃၀) ရက်နေ့က ချောင်းဦးမြို့နယ်မှာ အသက်မပြည့်သေးတဲ့ ကလေး သူငယ်(၅)ဦးအပါအဝင် လူငယ်(၇) ဦးကို စစ်ကောင်စီသတင်းပေးဆိုတဲ့ စွပ်စွဲချက်နဲ့ သတ်ဖြတ် ခဲ့တာဖြစ်ပြီး ပြစ်မှုကျူးလွန်သူတွေကို အဲဒီနေ့မှာပဲ ဖမ်းဆီးရမိထားသလို ရုပ်အလောင်းတွေကို တော့ နောက်တစ်ရက်မှာ တူးဖော်ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာပါ။

ဒီဖြစ်စဉ်ကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့သူတွေကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ(၂၂) ရက်နေ့မှာ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ချောင်းဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကို လွှဲပြောင်း ခဲ့ပြီး မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က အမှုဖွင့်တာ သီးခြားနေရာမှာ ထိန်းသိမ်းထား တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အခုလိုပြည်သူတွေကို ဥပဒေမဲ့ သတ်ဖြတ်ခဲ့တဲ့အတွက် ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံပါ (၄) ဦးကို စစ်ဆေးချိန်မှာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ပြီးမှာ သတ်ဖြတ်ခဲ့ တယ်ဆိုတဲ့ ဖြစ်စဉ်ကို မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြည်တွင်းသတင်းဌာနတွေကို အတည်ပြုပြောဆိုထားပါတယ်။

ဒါပေမယ့် အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး NUG ရဲ့ အခုထုတ်ပြန်ချက်မှာတော့ ထည့်သွင်း ဖော်ပြထားတာမရှိပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပြစ်မှုကျူးလွန်သူ ဘယ်သူကိုမဆို ကျောသားရင်သားမခွဲခြားဘဲ တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူအပြစ်ပေး သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်ဟာ စစ်သည်တော် ကျင့်ဝတ်စည်းမျဉ်းတွေနဲ့ မညီတဲ့အပြင် လူ့အခွင့်အရေး၊ အမျိုးသမီးနဲ့ ကလေးသူငယ်အခွင့်အရေးတွေအပေါ် ချိုးဖောက်ခဲ့တဲ့အတွက် စစ်ဘက် အရပ်ဘက် တရားစီရင်ရေးလမ်းကြောင်းတွေကတဆင့် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက် မှုအခြေအနေတွေကို အသိပေးထုတ်ပြန်သွားမယ်လို့ NUG ကဆိုထားပါတယ်။

ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ရဲ့ သတ်ဖြတ်ခံခဲ့ရသူတွေဟာ စစ်ကိုင်းမြို့နယ်ကနေ ချောင်းဦးကို ရောက်လာကြသူတွေဖြစ်ပြီး အမျိုးသမီး(၄)ဦးနဲ့ အမျိုးသား(၃) ဦးဖြစ်ကာ သူတို့တွေဟာ အသက် (၁၅) နှစ်ကနေ (၂၀) ကျော်အရွယ်လူငယ်တွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါ တယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.