ကျိုက်ထို၊ မေ(၃)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း အခုလကစပြီး စစ်အာဏာရှင်ကျဆုံးရေး နွေဦးတော်လှန်ရေး စစ်ရေးအရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က မေလ ၁ ရက်နေ့ ရက်စွဲနဲ့ အသိပေးထုတ်ပြန် လိုက်ပါတယ်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ကတော့ စစ်ကောင်စီနဲ့သက်ဆိုင်တဲ့နေရာတွေကို တိုက်ခိုက်မှုတွေ တိုးမြှင့်မှာဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ လုံခြုံရေး၊ ထိခိုက်နစ်နာမှု မရှိစေဖို့ အခုလို အသိပေးထုတ်ပြန်ရတာလို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်း၊ ဌာနဆိုင်ရာ အဆောက် အဦးနဲ့ ဝန်ထမ်း၊ သတင်းပေး သူလျှို၊ စစ်ကောင်စီတပ်စွဲနေရာ၊ စစ်ကောင်စီ ခွင့်ပြုပေးထားတဲ့ တည်း ခိုခန်း၊ ဟိုတယ်၊ စားသောက်ဆိုင်တွေအနီး သွားလာတာတွေ မလုပ်ကြဖို့နဲ့ မေတ္တာရပ်ခံထားပါတယ်။

ထုတ်ပြန်ချက်ကို မလိုက်နာဘဲ ပါဝင်ပတ်သက်သွားလာမှုတွေရှိနေပါက နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို KRF အနေနဲ့ လုံးဝတာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ သတိပေးထားတာပါ။

ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ဟာ KNLA တပ်တွေနဲ့ပူးပေါင်းပြီး ကင်မွန်းချောင်းနယ်မြေရဲစခန်း၊ မုပ္ပလင်စစ်ဆေးရေးဂိတ်အပါအဝင် ဘီးလင်းမြို့နယ်ထဲက သံတံတားစစ်ဆေးရေးဂိတ်၊ BGF စခန်း၊ စစ်ကောင်စီတပ်တွေကို မကြာခဏဆိုသလို ဝင်ရောက်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်း တစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Thaton PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.