မော်လမြိုင်၊ ဧပြီ(၂၉)

ဒေါ်လာဈေးနှုန်းနဲ့အတူ ကမ္ဘာ့ရွှေဈေး မြင့်တက်လာတဲ့အတွက် ပြည်တွင်းရွှေဈေးနှုန်းဟာ အခုရက်ပိုင်းအတွင်း တစ်ကျပ်သားကို ကျပ်သိန်း ၃၀ ကျော်အထိ ထပ်မံမြင့်တက်လာတာကြောင့် အရောင်းအဝယ် ရပ်တန့်လုနီးပါး ဖြစ်နေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်တွင်းရွှေဈေးနှုန်းဟာ အခုဧပြီလအတွင်း မီလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၂၉ သိန်းဝန်းကျင်သာရှိရာကနေ ဧပြီနောက်ဆုံးအပတ်မှာတော့ ကျပ်သိန်း ၃၀ ကျော်အထိ ဈေးနှုန်း ထပ်မံမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်းရွှေဈေးနှုန်းဟာ ဒေါ်လာဈေးနှုန်း အနည်းငယ်ပြန်လည် မြင့်တက်လာတာ၊ အမေရိကန်ဘဏ်တွေရဲ့ ဘဏ်အတိုးနှုန်းမြင့်တက်မှုကြောင့် ကမ္ဘာရွှေဈေးနှုန်း အမြင့်ဈေးမှာပဲ ဆက်ရှိနေတဲ့အတွက် ဈေးနှုန်းထပ်မံမြင့် တက်လာတာပါ။

ရွှေလုပ်ငန်းရှင်တစ်ဦးကတော့ ပြည်တွင်းရွှေဈေးနှုန်း မြင့်တက်လာတာကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ် ရပ်တန့်လုနီးပါးဖြစ်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကမ္ဘာ့ရွှေဈေးတက်တယ်။ မြန်မာနိုင်ငံမှာလည်း ဒေါ်လာဈေးက ၂၅၆၀ စွန်းစွန်းလောက်ကို တက်သွားတယ်လေ။ ကမ္ဘာမှာကတော့ အမေရိကန်ငွေကြေးတန်ဖိုးတွေ ကျဆင်းလာတယ်။ ကမ္ဘာ့ရွှေဈေးကတော့ တက်သွား တာပေါ့နော်။ မြန်မာမှာကကျတော့ ကမ္ဘာ့ရွှေဈေးလည်းတက်တယ်။ ဒေါ်လာဈေးကလည်း ဘာလို့လဲတော့ မသိဘူး။ နည်းနည်း ၁၀၊ ၁၂ ကျပ် လောက်တက်သွားတယ်။ ဒါကြောင့် မြန်မာ့ရွှေဈေးကလိုက်တက်တာ။ အရောင်းအဝယ်ကတော့ မရှိဘူး” လို့ သူကဆိုပါတယ်။

ပြည်တွင်ရွှေဈေးနှုန်း မြင့်တက်လာတာကြောင့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းကနေ မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၂၉ သိန်းအောက်သာ ရောင်းချပေးကြဖို့ ဧပြီ ၂၇ ရက်နေ့မှာ မေတ္တာရပ်ခံစာ ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းကတော့ ရွှေဈေးနှုန်းဟာ ဈေးကွက်အတွင်း ဈေးကစားသူ တွေကြောင့် ဈေးနှုန်းမြင့်တက်လာတဲ့အတွက် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံရတာလို့ ဆိုပါတယ်။

ဒါ့အပြင် ဈေးကစားသူတွေကိုလည်း စစ်ကောင်စီဌာနဆိုင်ရာကနေ ဖော်ထုတ်အရေးယူတာတွေ လုပ်ဆောင်ဖို့ စီစဉ်နေတာကြောင့် အသင်းသူအသင်းသားတွေနဲ့ မေတ္တာရပ်ခံမှုကို လိုက်နာပေးဖို့ တိုက်တွန်းတာပါ။

“ကျွန်တော်တို့ကတော့ အခုတိုင်းပဲ တတ်နိုင်သလောက် အသင်းသူ၊ အသင်းသားတွေအားလုံးကို ဖေးမပြီးတော့ ဌာနဆိုင်ရာက နောက်ပိုင်းမှာ အရေးယူဆောင်ရွက်တာ ဘာညာရှိခဲ့ရင်တော့ မခံရအောင်ကြိုတင်ပြီးတော့ ပြောထားတဲ့သဘောပါပဲ။ ဌာနဆိုင်ရာလည်း ဈေးနှုန်းများတာကို သူတို့မကြိုက်ဘူးပေါ့။ ကုန်ဈေးနှုန်းတည်ငြိမ် ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းပေးကြပါဆိုပြီးတော့ ပန်ကြားနေတဲ့ အခြေအနေဖြစ်ပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဟာ ဧပြီ ၂၈ ရက်နေ့မှာလည်း ရွှေဈေးနှုန်း တည် ငြိမ်ရေးအတွက် အစည်းအဝေးတစ်ရပ်ခေါ်ယူခဲ့ပြီး သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချကြဖို့ ထပ်မံမေတ္တာရပ်ခံခဲ့တာပါ။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချပေးဖို့ မေတ္တာရပ်ခံထားပေမယ့် ဈေးကွက်ထဲမှာတော့ တစ်ကျပ်သားကို ကျပ် ၃၀ သိန်းဝန်းကျင်နဲ့ အရောင်း အဝယ် ပြုလုပ်နေကြတယ်လို့ စုံစမ်းသိရှိရပါတယ်။

ပြည်တွင်းရွှေဈေးနှုန်းဟာ NLD အစိုးရလက်ထက်က တစ်ကျပ်သား ကျပ် ၁၃ သိန်း ဝန်းကျင်သာ ရှိရာကနေ စစ်တပ်အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်းမှာတော့ တစ်ကျပ်သား ကျပ် ၃၅ သိန်းဝန်းကျင်အထိ စံချိန်တင် ဈေးနှုန်းမြင့်တက်ဖူးသလို ဈေးနှုန်းမတည်မငြိမ်တာတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.