စစ်ကိုင်း၊ ဧပြီ(၂၉)

မြန်မာနိုင်ငံမှာ အခုနှစ်ဇန်နဝါရီကနေ ဧပြီ ၂၀ ရက်နေ့အထိ စစ်ပြေးဒုက္ခသည် ၇ သိန်းနီးပါး တိုးလာပြီး အဲဒီအရေအတွက်ဟာ အာဏာသိမ်းတဲ့ နှစ်နှစ်ကျော်ကာလအတွင်း ကာလတိုတစ်ခုတည်းမှာ စံချိန်တင် တိုးလာခဲ့တယ်လို့ ISP-Myanmar က ထုတ်ပြန်ပါတယ်။

ISP-Myanmar ထုတ်ပြန်ချက်အရ လေးလအတွင်း တိုးလာခဲ့တဲ့ စစ်ပြေးဒုက္ခသည်အရေအတွက်ဟာ ပြည်တွင်းစစ်ပြေးဒုက္ခသည် စုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်းကျော်ရှိပြီး အခုနှစ် မတ်လအတွင်း လက်နက်ကိုင် ပဋိပက္ခဖြစ်စဉ်တွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်တွင်းစစ်ပြေးဒုက္ခသည် နှစ်သိန်းခွဲကျော် တိုးလာခဲ့တာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုးလာတဲ့ စစ်ပြေးဒုက္ခသည်အရေအတွက်ဟာ ၂ ဒဿမ ၆ သန်းကျော်ရှိတဲ့ထဲက စစ်ကိုင်းတိုင်းဟာ ဒေသခံ ၁ ဒဿမ ၃ သန်းကျော် စစ်ပြေးတိမ်းရှောင်ခဲ့ရပြီး စုစုပေါင်း စစ်ပြေးဒုက္ခသည်ရဲ့ ထက်ဝက်ကျော် ဖြစ်နေပါတယ်။

တစ်ဖက်မှာလည်း အခုနှစ်ဖေဖော်ဝါရီမှာ စစ်အုပ်ချုပ်ရေးကြေညာတဲ့ မြို့နယ် ၄၀ ထပ်တိုးလာတဲ့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၈ ခုရှိ မြို့နယ် ၄၇ ခုတို့မှာ စစ်အုပ်ချုပ်ရေးအမိန့် ကျင့်သုံးဖို့ သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်တွေကို ညွှန်ကြားထားတာပါ။

အဲဒီထဲက ၁၆ မြို့နယ်မှာ နှစ်လအတွင်း စစ်ပြေးဒုက္ခသည် သုံးသိန်းခွဲတိုးလာခဲ့ပြီး စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာတော့ ၁၂၀,၀၀၀ ထက်မနည်း တိုးလာခဲ့သလို စစ်အုပ်ချုပ်ရေးမဟုတ်တဲ့ မြို့နယ် ၂၆ ခုမှာလည်း စစ်ပြေးဒုက္ခသည် နှစ်သိန်းထက်မနည်း ပိုများလာတယ်လို့ ISP-Myanmar ရဲ့ အချက်အ လက်တွေမှာ ဖော်ပြပါတယ်။

စစ်တပ်အာဏာမသိမ်းမီ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်အရေအတွက်ဟာ ၄၉၇,၀၀၀ ကျော်ရှိခဲ့ပြီး အာဏာသိမ်းမှုအလွန် စစ်ပြေးဒုက္ခသည် ၂,၆၉၀,၀၀၀ ကျော်နဲ့ ပေါင်းရင် သုံးသန်းကျော် ရှိလာနေတာပါ။

ဒါ့အပြင် ရိုဟင်ဂျာတွေအပါအဝင် တစ်သန်းထက်မနည်းတဲ့ အရေအတွက်ဟာ ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယနဲ့ ထိုင်းနယ်စပ်တွေမှာ နယ်စပ်ဖြတ်ကျော်ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တွေအဖြစ် တည်ရှိနေတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ကတော့ ပြင်းထန်တဲ့တိုက်ပွဲတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လုံခြုံရေးတင်းကျပ်တာတွေက လူသားချင်းစာနာမှု အကူအညီပေးဖို့ ဆိုးဆိုးရွားရွား အဟန့်အတားဖြစ်စေတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် အကူအညီတွေလိုအပ်နေတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ ရန် ပုံငွေ အမေရိကန် ဒေါ်လာ ၇၆၄ သန်း လိုအပ်နေပြီး သူတို့ကို ကူညီရာမှာလည်း စစ်ကောင်စီရဲ့ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဥပဒေကြောင့် အတားအဆီးတွေ ရှိနေတယ်လို့ ပြီးခဲ့တဲ့ မတ် ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – အညာပစ်တိုင်းထောင်လေးများ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.