ဖာပွန်၊ ဧပြီ(၂၈)
ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင်၊ ဖာပွန်ခရိုင်နဲ့ ဒူးပလာယာခရိုင်နယ်မြေတို့မှာ အခုရက်ပိုင်းတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၃ ဦးအပါအဝင် ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့ နံနက် ၁၁ နာရီအချိန်က KNU ဖာပွန်ခရိုင် ဘူးသိုမြို့နယ် ဘူးအားဒဲကျေး ရွာအုပ်စု ဘူးဒါးထာဒေသအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး(၅)လုံးပစ်ခတ်ခဲ့သလို မွန်းလွဲပိုင်း ၂ နာရီအချိန်လောက် မှာလည်း ဘူးအားဒဲကျေးရွာအုပ်စု တာမောလေဒေထဲကို လေယာဉ်နဲ့ ဗုံး ၆ လုံးကြဲချကာ စက်သေနတ်နဲ့ ၆ ကြိမ် လာရောက်ပစ်ခတ်သွားခဲ့တယ်လို့ တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဧပြီ ၂၅ ရက်နေ့ ညနေ ၄ နာရီအချိန်က KNU တပ်မဟာ(၆)နယ်မြေ အပြင်ကွင်းကလေးကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတစ်ရပ် ပြုလုပ်ခဲ့ရာ အမျိုးသမီး ၂ ဦးအပါအဝင် ဒေသခံ ၄ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီနေ့ ည ၁၀ နာရီဝန်းကျင်အချိန်က KNU တောင်ငူခရိုင် တပ်မဟာ(၂)နယ်မြေဖြစ်တဲ့ သံတောင်မြို့(၁၃)မိုင်မှာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေမူးလောရပ်ကွက်ထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၆၀)အရွယ် ဒေသခံအမျိုးသမီး(၁)ဦး ထိခိုက်ဒဏ် ရာရရှိသွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
KNU နယ်မြေထဲကို စစ်ကြောင်းထိုး စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဟာ အရပ် သားပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး လက်နက်ကြီးပစ်ခတ်မှုနဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏဆိုသလို လုပ်ဆောင်နေလေ့ရှိပြီး ဒီလိုပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးဒဏ်ရာရရှိတာ၊ အိုးအိမ်အဆောက်အဦးတွေ ပျက်စီးတာ၊ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတာတွေ ရှိနေတာ ဖြစ်ပါတယ်။
KNU ဒူးပလာယာခရိုင် သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ကြေညာချက်အရ တပ်မဟာ(၆) နယ်မြေထဲမှာ ပြီးခဲ့တဲ့ မတ်လ(၁)လတာအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်မှုနဲ့ လက် နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူ(၉)ဦး သေဆုံးခဲ့ရပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ပြည်သူ (၃၃)ဦး ဒဏ်ရာရရှိခဲ့ကာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်ဓာတ်ပုံ -KNU