မော်လမြိုင်၊ ဧပြီ(၂၈)

မွန်ပြည်နယ်ရဲ့ မြို့နယ်အများစုမှာ ရေရှားပါးမှုပြဿနာ ရင်ဆိုင်ရပေမယ့် စစ်ကောင်စီဘက်က ကူညီပေးတာ မရှိသလောက်နည်းပါးနေတဲ့အတွက် ပြည်သူတွေအချင်းချင်း ကိုယ်ထူကိုယ်ထ ဖြေရှင်းနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အပူချိန်ပြင်းထန်မှုကြောင့် မွန်ပြည်နယ်ရဲ့ မော်လမြိုင်၊ ချောင်းဆုံ၊ ပေါင်၊ ကျိုက်မရော၊ မုဒုံနဲ့ သံဖြူဇရပ်မြို့ နယ်တို့မှာ ရေရှားပါးမှုပြဿနာကို သင်္ကြန်ပြီးနောက် ဆိုးဆိုးဝါးဝါး ခံစားနေရတာ ဖြစ်ပါတယ်။

ရေရှားပါးမှုတွေ ဖြစ်ပေါ်ပေမယ့် စစ်ကောင်စီဘက်က ကူညီပေးတာမရှိတာကြောင့် ပရဟိတအဖွဲ့တွေကိုသာ အဓိကကူညီ တောင်းခံနေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ပရဟိတအဖွဲ့တာဝန်ရှိသူ တစ်ဦးကတော့ ရေရှားပါးမှုပြဿနာကို ကျေးရွာတွေအပြင် မြို့ပေါ်ရပ် ကွက်တွေမှာပါ ကြုံတွေ့နေရပေမယ့် မီးသတ်ဌာနက မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အနေနဲ့သာ ရေသွားရောက်လှူဒါန်းမှု အနည်းအကျဉ်းသာရှိတယ်လို့ ပြောပါတယ်။

“ရေကတော့အောက်ရေက အဝီစိရေတွေက စုပ်လို့မလိုက်တော့ဘူး၊ အဲဒါကဘယ်လောက်ကတည်း က ဖြစ်နေလဲဆိုတော့ ပြီးခဲ့တဲ့ တစ်လလောက်ကတည်းက ဖြစ်နေတယ်၊ ရေပေးဝေရေးစနစ်မှာ အခုသူတို့ ပြောနေတဲ့ အနေအထားပေါ့၊ ကျွန်တော်တို့ အဓိကမီးကြောင့်ပေါ့။ မြို့လည်ခေါင်ရပ်ကွက်မှာလည်း ရေမရဘူး ဖြစ်နေတယ်။ အခုတစ်ပတ်လောက်ပဲ ရှိသေးတယ်။ မြို့ထဲက အဝီစိတွေစုပ်လို့ မရတော့ဘူးဆိုပြီးတော့ အသံထွက်လာတယ်။ ဟိုတုန်းကတော့ တအားဌာနဆိုင်ရာတွေ တအားလုပ်တယ်။ အခုကတော့ မီးသတ်တပ်ဖွဲ့နေ့ နီးလို့လားတော့ မသိဘူးပေါ့နော်။ (၅)ရက်နေ့က မီးသတ်တပ်ဖွဲ့နေ့ကို၊ အခုမီးသတ်က နည်းနည်းပါးပါး လိုက်လှူတာတွေတော့ သိရတယ်”လို့ ဆိုပါတယ်။

အရင်က ပြည်နယ်အတွင်း ရေရှားပါးပြဿနာဖြစ်ပေါ်ပါက ဌာနဆိုင်ရာတွေဖြစ်တဲ့ မီးသတ်၊ စည် ပင်၊ ရဲနဲ့ ထွေအုပ်အပါအဝင် တခြားဌာနဆိုင်ရာတွေကပါ ရေပေးဝေတာတွေ၊ ရေအရင်းအမြစ်ရရှိအောင် ရှာဖွေပေးတာတွေရှိခဲ့ပေမယ့် လက်ရှိမှာတော့ ကူညီဆောင်ရွက်ပေးတာ မရှိတော့ပါဘူး။

ဒေသခံတစ်ဦးကလည်း အပူရှိန်ပြင်းထန်မှုကြောင့် ကန်နဲ့ရေတွင်းတွေမှာ ရေခန်းခြောက်ပြီး ရေလုံးဝသုံးစရာမရှိတော့တဲ့ အနေအထားမျိုး ဖြစ်ပေါ်နေတာကြောင့် ပရဟိတအဖွဲ့တွေကိုသာ အားကိုးနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဓိကတော့လေ အပူရှိန်ပြင်းတော့ ကန်တွေမှာရှိနေတဲ့ ရေတွေကနည်းနည်းခန်းကုန်တယ်။ ခန်းကုန်တော့ ရေထွက်အားနဲ့ သုံးအားနဲ့ကမမျှတဲ့အပေါ် အဲဒီလိုဖြစ်သွားတယ်။ နောက်တစ်ခုက အရင်ကဆို မြေသားကန် တွေ ရှိတယ်။ အခုမြေသားကန်တွေမှာလည်း ရေနည်းနည်း အခက်အခဲဖြစ်သွားကြတာ။ တချို့သော နေရာ တွေကတော့ ရေလုံးဝသုံးစရာမရှိတဲ့ အနေအထားမျိုးတွေ ရောက်သွားတာပေါ့။ ကျွန်တော်တို့ ဒီဘက်မြို့ပေါ် ရပ်ကွက်ကျတော့ ပရဟိတတွေက အဓိကလှူတာပေါ့နော်။ လိုအပ်နေတဲ့အချိန်မှာ ကျွန်တော်တို့ အသင်းအဖွဲ့ တွေကို အကူအညီတောင်းတဲ့အချိန်မှာ အသင်း အဖွဲ့တွေက ဒီအသင်းအဖွဲ့ကလှူလိုက်၊ ဟိုအသင်းအဖွဲ့က လှူလိုက်ဆိုတော့ သိပ်ပြတ်လပ်သွားတယ်ဆိုတာ မရှိဘူးပေါ့။ အရမ်းကြီးရေပြတ်သွားပြီး သုံးစရာမရှိဘူးဆိုတဲ့ အနေအထားမျိုးတော့ မရောက်ပါဘူး”လို့ ဆိုပါတယ်။

ရေရှားပါးမှုပြဿနာကို ပြည်သူတွေအချင်းချင်း ပြန်လည်ကူညီနေကြပေမယ့် ပရဟိတအဖွဲ့တွေ မလာနိုင်တဲ့ ဒေသတွေမှာဆိုရင် သောက်သုံးရေရှားပါးမှုပြဿနာကို အကြီးအကျယ်ရင်ဆိုင်နေရတာပါ။

အရင်အစိုးရလက်ထက်က ရပ်ကွက်နဲ့ကျေးရွာတွေမှာ ရေရှားပါးမှု ဖြစ်ပေါ်လာပါက သက်ဆိုင်ရာဌာနအလိုက် ကူညီဆောင်ရွက်ပေးတာ ရှိခဲ့ပေမယ့် စစ်ကောင်စီလက်ထက်မှာ ကူညီဆောင်ရွက်ပေးတာ မရှိသလောက် နည်းပါးလာတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ပြည်နယ်အတွင်း ရေရှားပါးမှုပြဿနာဟာ အပူချိန်ပြင်းထန်မှုကြောင့် ပိုမိုခံစားလာရသလို မုတ်သုံဝင်နောက်ကျပါက ရေရှားပါးမှုပြဿနာကို ဒီထက်ဆိုးဆိုးဝါးဝါး ခံစားရနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက သုံးသပ်ထားပါတယ်။

မွန်ပြည်နယ်ဟာ ရေရှားပါးမှုပြဿနာကို နှစ်တိုင်းနီးပါးခံစားခဲ့ရပေမယ့် ပြီးခဲ့တဲ့ ၂၀၀၈ နဲ့ ၂၀၁၉ ခုနှစ်တို့မှာ အဆိုးရွားဆုံး ရင်ဆိုင်ခဲ့ရတာဖြစ်သလို အခုအခါမှာတော့ အပူချိန်ပြင်းထန်မှုနဲ့အတူ တကျော့ပြန်ရေရှားပါးမှုကို ထပ်မံရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Bo Bo Win

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.