နေပြည်တော်၊ ဧပြီ(၂၈)
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် လျှောက်ထားကြတဲ့ နိုင်ငံရေးပါတီတွေထဲက ပါတီ ၅ ခုကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်း ဥပဒေ ပုဒ်မ ၉ နဲ့အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။
ပထမဦးဆုံး မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကို ဧပြီ ၂၀ ရက်နေ့မှာ စတင်ခွင့်ပြုခဲ့တာဖြစ်ပြီး ဧပြီ ၂၄ ရက်နေ့မှာတော့ မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီကို အစဉ်အလိုက် မှတ်ပုံတင်ခွင့်ပြုခဲ့တာပါ။
ဒီမိုကရေစီပါတီသစ် (ကချင်) ၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့ကိုမူ ဧပြီ ၂၅ ရက်နေ့မှာ မှတ်ပုံတင်ခွင့်ပြုခဲ့တာဖြစ်ပေမယ့် အစဉ်အလိုက်တော့ မဟုတ်ပါဘူး။
အဲဒီနိုင်ငံရေးပါတီတွေထက် အရင်မှတ်ပုံတင်ခွင့် လျှောက်ထားကြတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီနဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်တို့ ရှိနေတာ ဖြစ်ပါတယ်။
ဧပြီ ၂၇ ရက်နေ့မှာလည်း နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားခဲ့တဲ့ ပြည်ထောင်စုတိုးတက်ဖွံ့ဖြိုးရေး ပါတီ၊ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီတို့ကို ပါတီတည်ထောင်ခွင့် ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီနိုင်ငံရေးပါတီ ၂ ခုဟာ ရက်ပေါင်း ၃၀ အတွင်း ပါတီမှတ်ပုံတင်ခွင့် ထပ်မံလျှောက်ထားရမှာ ဖြစ်ပါတယ်။
စစ်ကောင်စီကတော့ သူတို့ကျင်းပပေးမယ်ဆိုတဲ့ ပါတီစုံဒီမိုကရေစီစနစ် ရွေးကောက်ပွဲအတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ နှောင်းပိုင်းမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေကို အသစ်ပြဌာန်းခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း UEC ထံ ပါတီ တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်လျှောက်ဖို့ ထုတ်ပြန်ခဲ့တာပါ။
သတ်မှတ်ရက်ပေါင်း ၆၀ အတွင်း ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားကြတဲ့ နိုင်ငံ ရေးပါတီ ၆၃ ခုအထိရှိခဲ့ပြီး စစ်ကောင်စီထံ လာရောက်မှတ်ပုံမတင်တဲ့ တည်ဆဲနိုင်ငံရေးပါတီ ၄၀ ကို ပါတီအဖြစ်ကနေ အလိုအလျောက်ပျက်ပြယ်တယ်လို့ ကြေညာထားပါတယ်။
ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ကြတဲ့ နိုင်ငံရေးပါတီ ၆၀ ကျော်ထဲက ပါတီမှတ်ပုံတင်ခွင့်ပြုလိုက်တဲ့ နိုင်ငံရေးပါတီ ၅ ပါတီအထိရှိလာပြီး ပါတီတည်ထောင်ခွင့် လျှောက်ထားတဲ့ပါတီတွေကိုလည်း ဆက်လက်စိစစ်နေတယ်လို့ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media