ပေကျင်း – ဧပြီ(၂၉) 

တရုတ်နိုင်ငံ ရှင်အန်းမြို့မှာ ကျင်းပတဲ့ စတုတ္ထအကြိမ်မြောက် တရုတ်-အာရှအလယ်ပိုင်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးမှာ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ အနီးကပ် ဆက်ဆံရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေး ဆက်လက်ထားရှိဖို့ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။

နိုင်ငံခြားရေးဝန်ကြီးတွေဟာ လာမယ့် တရုတ်-အာရှအလယ်ပိုင်း ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်မှုတွေကို ညှိနှိုင်းဆောင်ရွက်နေပြီး အာရှအလယ်ပိုင်းနိုင်ငံတွေက အခမ်းအနားဖြစ် မြောက်ရေးအတွက် အလေးပေးလုပ်ဆောင်နေသလို ထိပ်သီးအစည်းအဝေး အောင်မြင်မှု ရရှိ စေဖို့ နီးကပ်တဲ့ ဆက်ဆံရေးနဲ့ ပေါင်းစပ်ညှိနှိုင်းမှုကို ဆက်လက်ထိန်းသိမ်းသွားဖို့ သဘောတူ ထားကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

“တရုတ်-အာရှအလယ်ပိုင်းယန္တရားသည် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို ခိုင်မာစေရေး၊ နှီးနှောမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ ပြည်သူအချင်းချင်း ဆက်ဆံရေးကို မြှင့်တင်ရန်နှင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရာတွင် အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့ ၎င်းတို့ က ယုံကြည်သည်” လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

ကုန်သွယ်မှု၊ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာငွေ အပါအဝင် နယ်ပယ်အသီးသီးမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့အတွက် တရုတ်-အာရှအလယ်ပိုင်း ယန္တရားကို ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့ နဲ့ ကဏ္ဍအသီးသီးမှာ ပူးပေါင်းဆောင်ရါက်မှုတွေ မြှင့်တင်ဖို့ ထောက်ခံအားပေးတယ်လို့ ဖော်ပြ ထားပါတယ်။ 

တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုဦးစားပေး ဦးတည်ချက်ဖြစ်တဲ့ ချိတ်ဆက်မှုကို နှစ်ဘက်လုံး ကထောက်ပြထားပြီး လမ်း၊မီးရထား၊လေကြောင်း၊ဆိပ်ကမ်းတွေပါဝင်တယ်လို့ အာရှအလယ် ပိုင်းနိုင်ငံတွေက ဆိုထားပါတယ်။ 

ဒါ့အပြင် စိုက်ပျိုးရေး၊စွမ်းအင်၊ e commerce အစိမ်းရောင်ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ ခေတ်မီ နည်းပညာတွေအပါအဝင် နယ်ပယ်အသီးသီးမှာ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဖို့ ခြောက် နိုင်ငံလုံးက သဘောတူခဲ့ကြသလို ရာဇဝတ်မှုနဲ့ ဆိုက်ဘာရာဇဝတ်မှုတွေအပါအဝင် ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးတို့ကို ပူးပေါင်းထိန်းသိမ်းပြီး အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ခွဲထွက် ရေး၊ အစွန်းရောက်ဝါဒ၊တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ နိုင်ငံဖြတ်ကျော် စည်းရုံးရေးတို့မှာလည်း ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ 

အစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး၊ ဥဇဘတ်ကစ္စတန်နိုင်ငံ၊ ကာဇက်စတန်၊ ကာဂျစ္စတန်နဲ့ တာဂျစ်ကစ္စတန်တို့က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့အတူ တာ့ခ်မင်နစ္စတန် ရဲ့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးတို့ တက်ရောက်ခဲ့ကြပါတယ်။ 

ရှီအန်းမှာ လာမယ့် မေလမှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးမှာတော့ အဲဒီနိုင်ငံတွေရဲ့ နိုင်ငံ အကြီးအကဲတွေ တွေ့ဆုံကြမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။

Ref: AA News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.