ဘေဂျင်း၊ ဧပြီ(၂၅)
တရုတ်ရဲ့ ဥရောပအပါအဝင် အခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးဟာ ရုရှားနိုင်ငံလိုပဲ အကန့်အသတ်မရှိကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုတွေဟာလည်း အဆုံးမရှိပါဘူးလို့ ဥရောပသမဂ္ဂဆိုင်ရာ တရုတ်သံတမန်က ဧပြီ (၂၄) မှာ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ရုရှား- ယူကရိန်းအရေးနဲ့ပတ်သက်ပြီး တရုတ်အနေနှင့် ကြားနေမှုကို အာမခံချက်ပေးကြောင်း ထည့် သွင်းပြောကြားခဲ့တာပါ။ ဒါပေမယ့်လည်း ယူကရိန်းအပါအဝင် အရင်ဆိုဗီယက်ယူနီယံနိုင်ငံတွေရဲ့ အချုပ်အခြာ အာဏာနဲ့ပတ်သက်ပြီး ပြင်သစ်နိုင်ငံအပေါ်မေးခွန်းထုတ်ခဲ့တဲ့ သံအမတ်ကြီးရဲ့ အငြင်းပွားဖွယ်ရာ မှတ်ချက် စကားကြောင့် ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်နေရတာပါ။
ယူကရိန်းအပေါ် ရုရှားရဲ့ကျူးကျော်မှု သို့မဟုတ် ရုရှားနုတ်ထွက်ရေး တောင်းဆိုမှုအဖြစ် ဖော်ပြဖို့ငြင်းဆိုခြင်း ကြောင့် အီးယူသံတမန်တွေဟာ ဘေဂျင်းအစိုးရကို အပြစ်တင်ပြောဆိုခဲ့ပါတယ်။ မော်စကိုမှ ရုရှားတပ်တွေကို စေလွှတ်ခြင်း မလုပ်မီရက်ပိုင်းအလိုမှာပဲ မိတ်ဖက်ဆက်ဆံမှုအဖြစ် ဘေဂျင်းနဲ့ မော်စကိုတို့က ကြေညာခဲ့ တာကိုလည်း အီးယူကသတိပြုမိနေတာဖြစ်ပါတယ်။
“ဥရောပဘက်ကတော့ အထက်ကန့်သတ်ချက်မရှိဆိုတဲ့ ရည်ညွှန်းချက်ကို မှန်ကန်စွာနားလည်သင့်ပါတယ်” လို့ ဥရောပသမဂ္ဂဆိုင်ရာ တရုတ်သံတမန်က သတင်းစာကိုပြောဆိုခဲ့ပါတယ်။
“နိုင်ငံတွေကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ အဆုံးမဲ့ဖြစ်ပြီး အတုအယောင် ကန့်သတ် မထားသင့်ပါဘူး။ တရုတ်-ရုရှား ပူးပေါင်းဆောင်ရွက်မှုဟာ အကန့်အသတ်မရှိသလို တရုတ်နဲ့ ဥရောပမှာလည်း အလားတူပါပဲ” လို့ သူက ပြောခဲ့တာပါ။
တရုတ်နိုင်ငံနဲ့ ဥရောပအကြား သဘောထားကွဲလွဲစေဖို့ တရုတ်-ရုရှား ဆက်ဆံရေးကို အသုံးပြုကာ ကြိုး ပမ်းမှုအား ဖူကသတိပေးပြောဆိုခဲ့ကာ ယူကရိန်းပဋိပက္ခနဲ့ ပတ်သက်ပြီးတရုတ်က ကြိုတင်သိရှိထားပြီး လက်နက်တွေ ပံ့ပိုးပေးနေတယ်ဆိုတဲ့ ပြောဆိုမှုတွေကိုလည်း ပယ်ချခဲ့တာဖြစ်ပါတယ်။
ယူကရိန်းပိုင်နက်ကနေ ရုရှားနုတ်ထွက်မှုအပေါ် အခြေခံတဲ့ နိုင်ငံရေးဖြေရှင်းချက်တစ်ရပ်ကို တရုတ်နိုင်ငံက ထောက်ခံမှုမပြုပါက တရုတ်နဲ့ယုံကြည်မှုဆက်ဆံရေးကို ထိန်းသိမ်းထားဖို့ အီးယူအတွက် အလွန်ခက်ခဲမယ်လို့ အီးယူနိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဇက်ဘိုရယ်က ပြီးခဲ့တဲ့လက ပြောကြားခဲ့ပါတယ်။
“နိုင်ငံတကာဥပဒေချိုးဖောက်မှုရဲ့ မျက်နှာစာမှာ ကြားနေရေးဟာ ယုံကြည်ရလောက်စရာ မရှိပါ” လို့ ဂျိုးဇက် ဘိုရယ်က အခုလအစောပိုင်းမှာ ပြောကြားခဲ့တာပါ။
ထိုင်ဝမ်ရေလက်ကြားနဲ့ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းတစ်ဝိုက်မှာ တရုတ်ရေတပ်နဲ့လေတပ် စစ်ရေးလေ့ကျင့်မှုတွေကြောင့် ဥရောပမှ ဝေဖန်မှုတွေလည်း ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ပြင်သစ်သတင်းစာတစ်ခုရဲ့ ဖော်ပြချက်တစ်ခုမှာတော့ ဘိုရယ်ဟာ ထိုင်ဝမ်ရေလက် ကြားကို ဥရောပရေတပ်တွေ ကင်းလှည့်ဖို့ တောင်းဆိုခဲ့ပါတယ်။
Ref: CNA