ရန်ကုန် ၊ ဧပြီ (၂၃)
မြန်မာ့အကျပ်အတည်းဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေဆုံးဖြတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ဟာ ၂ နှစ်ပြည့်တဲ့အထိတိုင် ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်သေးဘူးလို့ နိုင်ငံရေးအကဲခတ်တွေက ဝေဖန်လိုက်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကတာမြို့ရှိ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှာ ပြုလုပ်တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေး ဖြေရှင်းဖို့ ဘုံသဘောတူညီချက် (၅) ချက်ကို ချမှတ်ခဲ့တာပါ။
အဲဒီဘုံသဘောတူညီချက် (၅) ချက်မှာတော့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ သက်ဆိုင်ရာ အစုအဖွဲ့ တွေကြားမှာ ညှိနှိုင်းဆွေးနွေးဖို့၊ အာဆီယံဥက္ကဌရဲ့ အထူးကိုယ်စားလှယ်ကို ညှိနှိုင်းဆွေးနွေးမှုတွေမှာ ကြားဝင် ဆောင်ရွက်ပေးဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့စတဲ့အချက်တွေ ပါဝင်ပါတယ်။
နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့အချက်ကိုတော့ အစောပိုင်းမှာ ပါဝင်ခဲ့ပေမယ့် တရားဝင်ထုတ်ပြန်တဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်မှာတော့ ချန်လှပ်ထားတာ ဖြစ်ပါတယ်။
အခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ဧပြီပထမပတ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဘုံသဘောတူညီချက်မှာပါ တဲ့အချက်တွေအတိုင်း အရင်က မဆွေးနွေးဖူးသေးတဲ့သူတွေနဲ့ တွေ့ဆုံဆွေးနွေးနေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းတွေလဲဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုထားတာ မရှိပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တရားဝင်တွေ့ဆုံဆွေးနွေးတာတွေလုပ်ဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေက အာဆီယံကို တောင်းဆိုနေတာ ဖြစ်ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ အာဆီယံအနေနဲ့ သဘောတူညီထားတဲ့ အပစ်ခတ်ရပ်စဲရေးကအစ လူသားချင်းကူညီပေးရေးတွေတိုးမြှင့်ဖို့ မလုပ်ဆောင်နိုင်သေးသလို သဘောတူညီချက်ကို အကောင်အထည်ဖော်ရေးဆွဲမယ့် အစီအစဉ်ကလည်း အခုထိမလုပ်နိုင်သေးဘူးလို့ ထောက်ပြပါတယ်။
“တကယ်တမ်း အကောင်အထည်ဖော် သဘောတူထားတဲ့ကိစ္စတွေ ဘာမှမလုပ်နိုင်သေးဘူး။ အပစ် ခတ်ရပ်စဲရေးကအစ လူမှုကူညီရေးတွေ ပိုပြီးတိုးမြှင့်ဖို့ အဲဒါတွေက အကောင်အထည်မဖော်နိုင်သေးဘူး။ နောက်တစ်ခု က ပြီးခဲ့တဲ့သက်တမ်းမှာ ဘုံသဘောတူညီချက် ၅ ရပ်ကို တကယ်အကောင်အ ထည်ဖော်ဖို့ အစီအစဉ်ရေးဆွဲ မယ့်ဟာက အခုထိမလုပ်နိုင်ဘူး။ အဲဒါက အရေးကြီးဆုံးဖြစ်မယ်။ ဘုံသဘောတူညီချက် ၅ ရပ်က ဒီအတိုင်း သဘောတူညီချက်မူအနေနဲ့ပဲ ရှိနေသေးတယ်။ အဲဒီမူတွေကို တကယ့်လက်တွေ့အကောင်အထည်ဖော်ဖို့ တိကျတဲ့အချိန်ကာလ သတ်မှတ်မှုတွေနဲ့ သူတို့အစီအစဉ်ရေးဆွဲဖို့ အခုထိဘာမှမလုပ်နိုင်သေးဘူးဗျ”လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာအတွင်း ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာကျင်းပတဲ့ အကြိမ် (၄၀) မြောက်နဲ့ (၄၁) ကြိမ် မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာတော့ အာဆီယံဘုံသဘောတူညီချက် (၅) ချက်ကို ပြန်လည်သုံး သပ်ပြီး အချက် ၁၀ ချက်ကို ထပ်မံဖြည့်သွင်းကာ အချက် (၁၅) ချက်ကို ထုတ်ပြန်ထားတာပါ။
အဲဒီထဲက ဘုံသဘောတူညီချက် (၅) ချက်ကိုပံ့ပိုးဖို့ တိကျတဲ့အချိန်ဇယားနဲ့ လက်တွေ့ကျကျ တိုင်း တာနိုင်တဲ့ ညွှန်းကိန်းတွေကို ဖော်ပြထားမယ့် အကောင်အထည်ဖော်မှုအစီအစဉ်တစ်ခုကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ရေးဆွဲရမယ်လို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့ ၂ နှစ်ကျော်ကာလအထိ အာဆီယံအလှည့်ကျဥက္ကဌ သုံးဆက်ပြောင်းလဲသွားသည့် တိုင် ဘုံသဘောတူညီချက် ၅ ချက်ကိုတော့ စစ်ကောင်စီကနေ လိုက်နာတာမရှိသလို အာဆီယံကလည်း တိုက်တွန်းချက်တွေသာ လုပ်ဆောင်နိုင်တာဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာ ဘရူနိုင်းနိုင်ငံက တာဝန်ယူခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ ကမ္ဘောဒီးယားနိုင်ငံနဲ့ လက်ရှိမှာတော့ အင်ဒိုနီးရှားနိုင်ငံက အာဆီယံရဲ့ အလှည့်ကျ ဥက္ကဌ ဖြစ်လာခဲ့တာပါ။
ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ ဘယ်နိုင်ငံက အာဆီယံအလှည့်ကျဖြစ်ဖြစ် အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်နဲ့သာ သက်ဆိုင်တဲ့အတွက် ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်ဟာ စစ်ကောင် စီအတွက် ဖိအားဖြစ်မလာဘူးလို့ သုံးသပ်ပါတယ်။
“ဘယ်သူပဲ အလှည့်ကျ ဥက္ကဌ လုပ်လုပ်၊ ဒီလိုပဲ သူတို့ဒါကို အတင်းအကျပ် အကောင်အထည်ဖော်ဖို့ လုပ်လို့မရဘူ။ အကုန်လုံးအဖွဲ့ဝင်တွေရဲ့ ဆန္ဒဆိုမှာလည်းပဲ အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်အပိတ်တွေနဲ့ပဲ သက်ဆိုင်တယ်။ဒီအားနည်းချက်ကို စစ်ကောင်စီဘက်က အမိအရဆုပ်ကိုင်ပြီး ပြောနေတာဖြစ်တယ်။ သူများနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခွင့် မရှိဘူးဆိုတဲ့ကိစ္စနဲ့ ကာနေတာဖြစ်တယ်။အဲဒီတော့ ဒီဆုံးဖြတ်ချက် ကလည်း တိုက်တွန်းတဲ့အဆင့်လောက်ပဲ သူတို့မျှော်လင့်လောက်တဲ့ အဆင့်ပဲဖြစ်ပြီး ဆုံးဖြတ်ချက်တွေကို မလိုက်နာဘူးဆိုရင် ဘယ်လိုအပြစ်ပေးမယ်။ ဘယ်လိုဆောင် ရွက်မယ်ဆိုတဲ့ အာဆီယံမှာ အဲဒီလို ဆုံးဖြတ်ချက်မျိုး မရှိဘူး။ ရှိလို့လည်း မရနိုင်တဲ့အခြေအနေမျိုး ဖြစ်နေတယ်။ ဒါကြောင့် အာဆီယံရဲ့ဆုံးဖြတ်ချက်ဟာ စစ်ကောင်စီအတွက် သိပ်ပြီးထိထိရောက်ရောက် လိုက်နာဆောင်ရွက်ဖို့ ဖိအားတစ်ခု ဖြစ်မလာဘူးလို့ ပြောလို့ရပါတယ်” လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ် ပရက်ဆော့ခွန်းဟာ ဘုံသဘောတူညီချက်အတိုင်း မြန်မာ့အရေးဖြေရှင်းဖို့ ၃ ကြိမ်ထက်မနည်း မြန်မာနိုင်ငံကို လာရောက်ခဲ့တာပါ။
အဲဒီခရီးစဉ်တွေမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် နိုင်ငံရေးပါတီတွေနဲ့ အပစ်ရပ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
ဒါပေမဲ့ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံစဉ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ ကြိုးပမ်းခဲ့ပေမယ့် သူ့ရဲ့ သက်တမ်းကုန်ဆုံးသည့်တိုင် တွေ့ဆုံခွင့်မရှိခဲ့ပါဘူး။
တစ်ဖက်မှာတော့ စစ်ကောင်စီဘက်ကနေ အရပ်သားတွေကိုပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာနေသလို နှစ်ဘက်ထိတွေ့ ပစ်ခတ်ကြတဲ့ လက်နက်ကိုင်တိုက်ပွဲကလည်း ပြင်းထန်လာနေတာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ ၃၄၀၀ ကျော် သေဆုံးခဲ့ရပြီး ၁၇၅၀၀ ကျော်ဟာ ဖမ်းဆီးခံနေရဆဲ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေ ၁ ဒသမ ၈ သန်းကျော်ရှိလာပြီး အဲဒီထဲက လူဦးရေ ၁ ဒသမ ၅ သန်းနီးပါးဟာ အာဏာသိမ်းမှုအပြီး ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြရသူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Modern Diplomacy