မော်လမြိုင် ၊ ဧပြီ (၂၃)
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တချို့မှာ သင်္ကြန်ကာလပြီးနောက်ပိုင်း အပူချိန်လွန်ကဲစွာ မြင့်တက်လာမှုနဲ့အတူ ရေရှားပါးမှုပြဿနာကို စတင်ကြုံတွေ့လာရပြီလို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရေရှားပါးမှုပြဿနာကို ပြည်နယ်အတွင်းက မြို့နယ်တွေဖြစ်တဲ့ မော်လမြိုင်၊ ချောင်းဆုံ၊ ပေါင်၊ ကျိုက်မရော၊ မုဒုံနဲ့ သံဖြူဇရပ် မြို့နယ်တို့ရှိ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတချို့မှာ ဆိုးဆိုးဝါးဝါး ခံစားနေရတာ ဖြစ်ပါတယ်။
အဲဒီမြို့နယ်တွေထဲမှာတော့ မြေအောက်ရေရရှိမှု နည်းပါးသွားတဲ့အတွက် ရေတွင်းနဲ့ကန်ရေတွေ လုံးဝခန်းခြောက်လာတာကြောင့် သောက်ရေရော၊ သုံးရေပါရှားပါးမှုနဲ့ ကြုံနေရတာပါ။
“အဓိကတော့ ကျွန်တော်တို့ မြင်တာတော့ မြေအောက်ရေရရှိမှုတွေ၊ ဂေဟစနစ်ပျက်စီးလာတာကို တွေ့ရတယ်လို့ မြင်တယ်ဗျ။ တချို့ရေတွင်းတွေဆိုရင် လုံးဝခန်းသွားတယ်။ သုံးရေရော၊ သောက်ရေရော ရှားနေတဲ့ ပုံစံတွေ့မြင်နေရတယ်။ မော်လမြိုင်မြို့မှာလည်း မီးတွေပြတ်တော့လေ။ ရေတွေတင်လို့မရတဲ့အတွက် မော်လမြိုင်မြို့ပေါ် တော်တော်များများလည်း ရေရှားပါးမှုပြဿနာကို ကြုံတွေ့နေရတယ်ဗျ။ နောက်တစ်ခုကတော့ ဒီချောင်းဆုံဆိုရင်တော့ အဓိကတော့ သောက်ရေပေါ့။ ကညှော်တို့၊ ဘာတို့ဆို သောက်ရေအဓိက ရှားတာပေါ့။ ကျိုက်မရောဘက်လည်း ဒီလိုပဲပေါ့။ ဒီအချိန်ရောက်လာပြီးဆိုရင် ရေတွင်းတွေခန်းခြောက်တာနဲ့ နောက်ဒီနှစ်က တချို့နေရာတွေ ရေတွင်းခန်းခြောက်တာ ပိုမြန်နေတာကို တွေ့ရတယ်ဗျ။ နောက်တစ်ခုက ချောင်းဆုံ၊ ပေါင်၊ ကျိုက်မရော၊ မော်လမြိုင်ပေါ့ဗျ။ လက်ရှိရေရှားပါးမှုဒဏ်ကို ခံနေရတယ်ဗျ။ မုဒုံတို့၊ သံဖြူ ဇရပ်တို့လည်း ရှားတယ်လို့တော့ ကြားတယ်ဗျ။ အဓိကတော့ ကျွန်တော်တို့တွေ့ရတဲ့ နေရာတွေမှာကတော့ သောက်ရေရှားပါးမှုဒဏ်ကို ခံနေရတာ တော်တော်ကိုတွေ့ရတယ်ဗျ။ တော်တော်လေးတော့ လူမှုဒုက္ခတော့ ရောက်နေတာကို တွေ့ရတယ်ဗျ။ ကညှော်တို့ဘာတို့ဆို သောက်ရေကို လုယူတာတွေ အဲဒီလိုမျိုးတောင် ကျွန်တော်တို့ ကြုံရတယ်ဗျ”လို့ ဆိုပါတယ်။
ဒါ့အပြင် အပူချိန်ဆက်လက်မြင့်တက်နေပါက ရေတွင်း၊ ရေကန်တွေ ခန်းခြောက်လာနိုင်တဲ့အတွက် မကြာမီကာလအတွင်း ကျန်ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ရေရှားပါးမှုပြဿနာကို ပိုမိုကြုံတွေ့ရနိုင်တယ်လို့ သူကဆိုပါတယ်။
မော်လမြိုင်ဒေသခံတစ်ဦးကတော့ ရေရှားပါးမှုကို နှစ်စဉ်ကြုံတွေ့နေရပေမယ့် ဒီနှစ်မှာအခြေအနေ ပိုဆိုးသလို ရေတွင်းအားလုံး ခန်းခြောက်သွားတာကြောင့် သောက်ရေရော၊ သုံးရေအတွက်ပါ အခက် အခဲရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“တပေါင်း၊ တန်ခူးဆိုရင်နှစ်တိုင်း ဒီလိုမျိုးပဲ။ ဒီနှစ်က ပိုဆိုးသွားတယ်။ သင်္ကြန်မရောက်ခင်ကတည်း က၊ (၃) လ ပိုင်းကတည်းက ဒုက္ခရောက်နေတာ။ ကိုယ့်ရေတွင်းမှာလည်း မရှိတော့ဘူး။ ဟိုဘက်ရေတွင်းမှာလည်း မရှိဘူး။ ဒီလိုရပ်ကွက်ရဲ့ ရေတွင်းမှာ တစ်တွင်းတော့ ရှိတာပေါ့နော်။ အဲဒါလည်း အခုဒီနှစ်က ရေထွက်အား မရှိတော့ဘူး။ အကုန်ခန်းကုန်တာ။ တစ်ခါတလေကျလို့ရှိရင် ရေချိုးဖို့တောင်မရှိဘူး။ အဲဒါနဲ့ဒီလိုမျိုးပဲ သောက်ဖို့လည်း မရတော့ဘူးလေ။ ရေတွေက နှောက်ပစ်နေပြီ။ သောက်ရေကတော့ တစ်ခါတလေကျရင် ရေသန့်စက်ရုံကနေ လာလာပြီးတော့ရောင်းတော့ အဲဒီကနေ သောက်ရေတော့ ဝယ်ထည့်ရတာပေါ့။ သုံးရေတို့၊ ချိုးရေတို့ကျတော့ လာလှူပေးတယ်လေ”လို့ ဆိုပါတယ်။
ဒါ့အပြင် ရပ်ကွက်နဲ့ကျေးရွာတွေအတွင်း ရေလာရောက်လှူဒါန်းသူ မရှိတဲ့နေ့တွေမှာ ပုဂ္ဂလိကရေရောင်းသူ တွေဆီကနေရေမှာယူပါကလည်း စက်သုံးဆီဈေးနှုန်းတွေကြောင့် သယ်ယူပို့ဆောင်ရေးစရိတ် အရင်ကထက် ပိုမိုကုန်ကျတဲ့အတွက် အခက်တွေ့နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ ရေရှားပါးမှုဒဏ်ကိုတော့ မိုးရာသီမဝင်ခင်အထိ ခံစားရနိုင်တဲ့အပြင် အခုလိုအပူချိန် ပြင်းထန်နေတာကြောင့်လည်း သောက်သုံးရေ အဓိကလိုအပ်နေကာ သောက်ရေ၊ သုံးရေအတွက် အလှူရှင်တွေကိုသာ အဓိကအားထားနေရတယ်လို့ သိရပါတယ်။
အရင်အစိုးရလက်ထက်က ရပ်ကွက်နဲ့ကျေးရွာတွေမှာ ရေရှားပါးပါက သက်ဆိုင်ရာဌာနဆိုင်ရာတွေက ရေသွားရောက် လှူဒါန်းပေးတာတွေ ရှိခဲ့ပေမယ့် စစ်ကောင်စီလက်ထက်မှာတော့ လာရောက်ကူညီဆောင်ရွက်ပေးတာ မရှိတော့ဘူးလို့ ဆိုကြပါတယ်။
မွန်ပြည်နယ်မှာတော့ ရေရှားပါးမှုဒဏ်ကို (၂၀၁၈)ခုနှစ်နဲ့ (၂၀၁၉)ခုနှစ်တွေမှာ အဆိုးရွားဆုံးကြုံတွေ့ခဲ့ရပြီး ကျန်တဲ့နှစ်တွေမှာ အနည်းငယ်လောက်သာ ရေရှားပါးမှုရှိကာ လက်ရှိအပူချိန်ပြင်းထန်မှုနဲ့အတူ တစ်ကျော့ပြန် ရေရှားပါးမှုပြဿနာနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Bo Bo Win