မြဝတီ၊ ဧပြီ(၂၃)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ မြဝတီမြို့နယ် မဲကနယ်ဒေသမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး စစ်ကောင်စီဘက်က တိုက်လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ထပ်မံပြု လုပ်လာတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီပထမအပတ်ကတည်းက စတင်ဖြစ်ပွားနေတဲ့ မဲကနယ်ဒေသတိုက်ပွဲမှာ အထိနာနေတဲ့ စစ်ကောင်စီ တပ်ဟာ ဧပြီ(၂၂)ရက်နေ့ မနက်(၁)နာရီအချိန်လောက်မှာလည်း တိုက်ခိုက်ရေးလေယာဉ်နဲ့ လာရောက်တိုက်ခိုက်သွားတယ်လို့ တော်လှန်ရေးအင်အားစုအဖွဲ့တွေက ဆိုကြပါတယ်။

KNU တပ်မဟာ(၆)နယ်မြေ မဲကနယ်ဒေသအတွင်းကို စစ်ကောင်စီတပ်က ဝေဟင်ကနေလေယာဉ်နဲ့ အကြိမ်ကြိမ်လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သလို မြေပြင်ကနေလည်း တပ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်မှုတွေလုပ်ဆောင်နေပြီး လက်နက်ကြီးတွေနဲ့လည်း အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ကော်ဘရာစစ်ကြောင်း(၂) Venom PDF စစ်ကြောင်းရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဧပြီ(၂၂)ရက်နေ့ မနက်အစောပိုင်းက စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန် ရေးပူး ပေါင်းတပ်ဖွဲ့တွေဘက်က ထိခိုက်မှုတစ်စုံတစ်ရာမရှိဘူးလို့ ကျားသစ်နက်စစ်ကြောင်းက သတင်းထုတ်ပြန် ထားပါတယ်။

ကျားသစ်နက်စစ်ကြောင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ဧပြီလ(၂၁)ရက်နေ့ နေ့လည်ပိုင်းအချိန်ကလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့သေးသလို စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်တွေက လက်နက်ကြီးတွေ အတွဲလိုက်ပစ်ဒုံးတွေနဲ့ နေ့ရောညပါပစ်ခတ်လျက်ရှိပြီး အဲ့ဒီပစ်ခတ်မှုအတွင်းမှာ ကျားသစ်နက်စစ်ကြောင်းဘက်က ရဲဘော်(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ကျန်ရစ်ခဲ့တဲ့ လက်နက် ကျည်ဆံတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းက ထုတ်ပြန်ပြောဆိုထားပါတယ်။

နှစ်ဖက်တပ်ဖွဲ့တွေရဲ့ စစ်ရေးပြင်းထန်မှုကြောင့် မဲကနယ်ဒေသအတွင်းရှိ ကျေးရွာတွေက ဒေသခံပြည်သူလူထုဦးရေ ထောင်ချီဟာ ဘေးလွတ်ရာဒေသဘက်ကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို လိုအပ်လျက်ရှိနေတယ်လို့လည်း ကရင်အရပ်ဘက်အဖွဲ့အစည်းတွေက ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Cobra Column

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.