မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “DarkShadow (YGN UG)အဖွဲ့မှ နောက်ဆုံးအကြိမ်အဖြစ်ထပ်မံသတိပေးပါမည်”ဆိုတဲ့ ဓာတ်ပုံပါအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို ပေ့ချ်အတုတစ်ခုဖြစ်တဲ့ DarkShadow ဖေ့ဘုတ်အကောင့်ကနေ ဧပြီလ(၁၁)ရက်နေ့မှာ ဖြန့်ဝေတာကို တွေ့ရပါတယ်။
စစ်တပ်လော်ဘီတွေ ဖြန့်ဝေနေတဲ့ ပိုစ့်ပါ အကြောင်းအရာ အပြည့်အစုံမှာတော့”DarkShadowအဖွဲ့မှ နောက်ဆုံးအကြိမ်ထပ်မံသတိပေးပါမည်။ NUG အစိုးရရဲ့ လမ်းညွှန်ချက်အတိုင်း ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်တဲ့အနေနဲ့ မနက်ဖြန် ၁၁ ရက်နေ့ကစပြီး စစ်ကောင်စီက ကြီးမှူးကျင်းပတဲ့ သင်္ကြန် မဏ္ဍပ်များရဲ့ ၁မိုင်ပတ်ချာလည်သို့ သွားရောက်ခြင်း မပြုကြရန်၊ ၁မိုင်ပတ်ချာလည်အတွင်း နေထိုင်တဲ့ ပြည်သူများအနေနဲ့ အမြန်ပြောင်းရွှေ့နေထိုင်ကြရန်”ဆိုပြီး ဓာတ်ပုံတွေနဲ့ အတူစစ်ကောင်စီလော်ဘီတွေက အွန်လိုင်းမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။
တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။
ဖြစ်စဉ်အမှန်ကတော့ Dark Shadow (Ygn-UG)အဖွဲ့က Telegram Channel ကိုသာအသုံးပြုကာ သတင်းထုတ်ပြန်ချက်တွေကို ထုတ်ပြန်ပြီး Dark Shadow အမည်ရှိတဲ့ ဖေ့ဘွတ်ခ်ပေ့ချ်မှာ အတုသာဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။
အဆိုပါဖေ့ဘုတ်ပေ့ချ်အတု ထုတ်ပြန်ချက်မှာ အတုဖြစ်ပြီး ကျနော်တို့ NUG နဲ့ချိတ်ဆက်ထားခြင်းမရှိသလို ဘယ်အဖွဲ့အစည်းနဲ့မှလဲချိတ်ဆက်ထားခြင်းမရှိသလို ၊ပြည်သူများ၊ NUG နှင့် ကျွန်ုပ်တို့ အဖွဲ့ ကြားတွင် အထင်လွဲမှားမှုများ ဖြစ်ပေါ်စေရန် လုပ်ဆောင်နေပါသည်လို့ Dark Shadow (Ygn-UG)အဖွဲ့က Telegram ချန်နယ်ကနေ အသိပေးသတင်းထုတ်ပြန်ထားတာကို စိစစ်တွေ့ရှိရပါတယ်။
Dark Shadow (Ygn-UG)အဖွဲ့သတင်းထုတ်ပြန်ချက် လင့်
Mawkun magazine သတင်းဌာနမှာ ဖော်ပြထားတဲ့သတင်းလင့်
ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “DarkShadow (YGN UG)အဖွဲ့မှ နောက် ဆုံးအကြိမ်အဖြစ်ထပ်မံသတိပေးပါမည် ” ဆိုတဲ့ ဓာတ်ပုံပါ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်