မော်လမြိုင် – ဧပြီ(၅)

စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ဧပြီ ၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေဟာ အများပြည်သူကြား ထိတ်လန့် မှုတွေကို ဖြစ်ပေါ်စေတာ၊ ပြည်တွင်း တရားဝင် နိုင်ငံရေး အဖွဲ့အစည်းတွေကို ဥပဒေနဲ့မညီညွတ် တဲ့ လုပ်ရပ်တွေကို အတင်းအကြပ်ပြုလုပ်စေဖို့ လုပ်ဆောင်ခဲ့တဲ့အတွက် အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် သတ်မှတ်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

NUG ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆ ၊ ပုဒ်မခွဲ (င)နဲ့ ပုဒ်မ ၇၂ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ကြေညာတာလို့ ဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်နေတဲ့ နိုင်ငံရေးပါတီတွေ ဆက်လက် မရပ်တည်နိုင်စေရေး မတရားတဲ့အမိန့်နဲ့ ဥပဒေတွေ ထုတ်ပြန်တာ၊ ပြည်သူတွေ လုံးဝလက်မခံတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တည်မြဲစေဖို့ ဆောင်ရွက်နေတာလို့ ထုတ်ပြန်ပါတယ်။

တဖက်မှာလည်း အကြမ်းဖက်စစ်အာဏာရှင်နဲ့ သူတို့ကို ထောက်ခံတဲ့ နိုင်ငံရေးပါတီတစ်ချို့ကို တရားမဝင် ဖြတ်လမ်းနည်းနဲ့ အာဏာရရှိစေရေး နည်းလမ်းမျိုးစုံ အသုံးပြုပြီး ဆောင်ရွက်နေမှုနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်တာတွေ လုပ်ဆောင်နေတယ်လို့ စွပ်စွဲထားတာပါ။

NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က အခုလုပ်ဆောင်ချက်ဟာ အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် ကြေညာထားတဲ့ စစ်ကောင်စီလက်အောက်ကနေ ဆောင်ရွက်နေတဲ့ ရွေးကောက် ပွဲကော်မရှင်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ထပ်မံကြေညာတဲ့ သဘောဖြစ်ပြီး နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းဖို့ လုပ်ပိုင်ခွင့်မရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်း ယူမှုအပြီး ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း ကြေညာပြီးနောက် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့တာပါ။

စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို အသစ်ပြန်လည် ပြဌာန်းပြီးနောက် ပါတီမှတ်ပုံပြန်မတင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့အချုပ် (NLD) ပါတီနဲ့ တိုင်းရင်းသားအင်အားကြီး ပါတီတွေအပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.