မော်လမြိုင် – ဧပြီ(၅)
တခေတ်တခါမှာမှ မကြုံခဲ့ဖူးတဲ့ ပြည်သူတွေရဲ့ စုပေါင်းအားနဲ့ နည်းမျိုးစုံဆန့်ကျင်ခဲ့ကြတာကြောင့် ဒီအချိန်ဟာ စစ်ကောင်စီတပ်ရဲ့ အင်အားအချိနဲ့ဆုံးအချိန်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ(၄) ရက်နေ့မနက်ပိုင်းမှာကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၁၃) ကြိမ်မြောက်အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။
“ဒီအချိန်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ အင်အား အချိနဲ့ဆုံးအချိန်လို့ ပြောလို့ရတဲ့ အချိန်ပါ။ ဘာကြောင့် ဒီလိုပြောတာလဲဆိုရင် တခေတ်တခါမှာမှ မကြုံခဲ့ဖူးတဲ့ ပြည်သူတွေရဲ့ စုပေါင်းအားနဲ့ နည်းမျိုးစုံဆန့်ကျင်ခဲ့ကြတာကြောင့်ပါပဲ။ အဲဒီထဲမှာ အထင်ရှားဆုံးကတော့ ပြည်သူ့ကြားက ပြည်သူ့ တော်လှန်ရေးတပ်ဖွဲ့ အင်အားစုတွေ ခိုင်ခိုင်မာမာ အင်နဲ့အားနဲ့ ပေါ်ထွက်လာ သလို၊ တဖက်မှာလည်း ဌာနဆိုင်ရာ အသီးသီးကနေပြီး CDM လုပ်ကာ စစ်တပ်ရဲ့ အာဏာရူးမှုကို ဆန့်ကျင်ကြတာပါပဲ” လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောခဲ့ပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို လက်မခံနိုင်လို့ တပ်တွင်းကအရာရှိ၊အရာခံ အကြပ် စစ်သည်တွေက CDM လုပ်ပြီး တပ်ကိုစွန့်ခွာခဲ့ကြတဲ့ အရေအတွက် အများကြီးရှိနေပြီဖြစ်သလို တနေ့ တခြားလည်း ပိုတိုးလို့လာနေတယ်လို့ ပြောခဲ့ပါတယ်။
အဲဒီအခြေအနေတွေကြောင့် စစ်ခေါင်းဆောင်ဟာ ဖုံးဖိမရတော့တဲ့ သူ့ရဲ့ ကြောက်စိတ်ကို ဖုံးကွယ်ဖို့ သွေးရူးသွေးတန်းနဲ့ ပြောနေ လုပ်နေတာတွေကို တွေ့ရတာဖြစ်ပြီး သူ့ရဲ့ သွေးရူးသွေးတန်းနဲ့ လုပ်နေ တာတွေဟာလည်း နိုင်ငံတကာတရားစီရင်ရေး မျက်နှာစာကို ရောက်လာမဲ့ သက်သေအထောက် အထားတွေဖြစ်လာမှာလို့ ဆိုခဲ့ပါတယ်။
ဆက်လက်ပြီး တော်လှန်ရေးခေါင်းဆောင်တွေအနေနဲ့ ကိုယ့်ကိုခေါင်းဆောင်အဖြစ်တင်မြှောက်ထား တဲ့ ကိုယ့်ဒေသက ပြည်သူတွေခံစားနေရတဲ့ စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကို အမြဲသတိရကြဖို့ နဲ့ ပြည်သူတွေရဲ့ မျက်နှာကိုထောက်ထားပြီး ကိုယ့်အာဏာထက် နိုင်ငံရေးဂုဏ်သိက္ခာရှိရှိနဲ့ ကိုယ့်ဒေသ က ပြည်သူလူထုတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးကြဖို့လည်း ယာယီသမ္မတက တိုက်တွန်းခဲ့ပါတယ်။
အခုချိန်ဟာ စစ်ကောင်စီတပ်ကို ဘက်ပေါင်းစုံက အမြစ်ဖြတ်ဖို့ လုပ်ဆောင်ကြတာဖြစ်တဲ့ အတွက် အစည်းအဝေးပွဲမှာလည်း ဝန်ကြီးဌာနတွေအားလုံး ပိုမိုလက်တွေ့ကြပြီး ထိရောက်တဲ့ နည်းလမ်း တွေနဲ့ လုပ်ဆောင်ဖို့ လိုအပ်သလို နိုင်ငံတကာသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို မြေပြင်အခြေ အနေတွေနဲ့ ကိုက်ညီပြီး အချိန်နဲ့ တပြေးတည်း အကောင်အထည်ဖော်ကြိုးစားကြဖို့လည်း ပြောခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပြင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG