ရန်ကုန်၊ ဧပြီ(၁)

လာမယ့် မြန်မာ့နှစ်သစ်ကူး ရိုးရာသင်္ကြန်ပွဲတော်မှာ စည်စည်ကားကားဖြစ်အောင် ကြိုးပမ်းနေတဲ့ စစ်ကောင်စီက သံချပ်မထိုးဖို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကနေ နှိုးဆော်ချက်အနေနဲ့ မတ် ၃၁ ရက်နေ့ထုတ် ဝါဒဖြန့်သတင်းစာတွေမှာ ထုတ်ပြန်လာပါတယ်။

အဲဒီနှိုးဆော်ချက်မှာ သင်္ကြန်ပွဲတော်နဲ့ပတ်သက်ပြီး သူတစ်ပါး ဒါမှမဟုတ် အဖွဲ့အစည်းတွေရဲ့ ဂုဏ်သိက္ခာပျက် ပြားထိခိုက်စေဖို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ပြောဆိုတာ၊ သံချပ်ထိုးတာ၊ သီဆိုတာ၊ လှုပ်ရှားဆောင် ရွက်တာစတဲ့ အပြုအမူတွေကို ရှောင်ကျဉ်ကြဖို့ တားမြစ်ထားတာပါ။

အိုးဝေသံသံချပ်အဖွဲ့ခေါင်းဆောင် ကိုမင်းသွေးသစ်ကလည်း သံချပ်ဟာ နိုင်ငံမှာဖြစ်ပျက်နေတဲ့ အ ကြောင်းအရာတွေကို လူထုနဲ့ဝေဖန်ထောက်ပြသူတွေကြား တိုက်ရိုက်ဖြစ်တဲ့အတွက် အာဏာရှင်တွေကကြောက်ပြီး ပိတ်ပင်တာလို့ သုံးသပ်ပါတယ်။

“ပြည်သူလူထုနဲ့ အစိုးရရဲ့စနစ်ကို ထောက်ပြဝေဖန်တဲ့သူတွေနဲ့ တိုက်ရိုက်ထိတွေ့တာဖြစ်တဲ့အတွက် ဒီလိုအ ခြေအနေမျိုး အာဏာရှင်အဆက်ဆက်က ကြောက်တယ်။ ဒါကြောင့်မို့ သင်္ကြန်သံချပ်တွေဟာ အာဏာရှင်က အမြဲတမ်းပိတ်ပင်သလို သူတို့အကြောက်ဆုံးအခြေအနေမျိုး ဖြစ်တယ်။ ဘာကြောင့်လဲဆို နိုင်ငံရေးဟောပြောပွဲ အစည်းအဝေးပွဲလိုမျိုးပဲ အောက်က ပြည်သူလူထုပရိတ်သတ်နဲ့ ဟောပြောစည်းရုံးတဲ့သူ၊ ဝေဖန်ထောက်ပြတဲ့ လူတွေနဲ့က တိုက်ရိုက်ထိတွေ့တာ ဖြစ်တဲ့အတွက် လူ ထုနားကို တိုက်ရိုက်ရောက်တယ်။ ပိုပြီးတော့ ထိရောက်တဲ့ အခြေအနေမျိုးဖြစ်တဲ့အတွက် အာဏာ ရှင်က ဒါကိုပိတ်ပင်တာပဲ ဖြစ်တယ်”လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဦးသိန်းစိန်လက်ထက်မှာ နိုင်ငံရေးအပြောင်းအလဲတွေကို ပြသချင်တာကြောင့် သင်္ကြန်သံ ချပ်တွေကို ပိတ်ပင်တာမရှိဘဲ လွတ်လပ်ခွင့်ပေးထားပေမယ့် အဲဒီနောက်ပိုင်းမှာတော့ NLD အစိုးရအထိ သင်္ကြန်သံချပ်တွေကို ဆင်ဆာတင်ခိုင်းတာတွေ ရှိခဲ့ပါတယ်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ အသံအဖွဲ့ရဲ့ ဒါရိုက်တာ ဇက်ပီကတော့ စစ်ကောင်စီလက် ထက်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောခွင့်ဟာ အဆိုးဝါးဆုံးဖြစ်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်တပ်ကနေ အာဏာသိမ်းလိုက်တဲ့အချိန်ကစပြီး လူ့ရပိုင်ခွင့်အရပ်ရပ်မှာ ကျဆုံးဆုတ်ယုတ်လာတာပဲ ရှိတယ်။ ဘယ်အရာမှ တိုးတက်တာတွေ၊ ကောင်းမွန်တာတွေ အရင်တိုင်းပဲ ရှိနေတယ်ဆိုပြီးတော့ ဘာမှ နှိုင်း ယှဉ်လို့မရအောင် ဘာမှကိုမရှိနေဘူး။ အဆိုးဝါးဆုံးနဲ့ အဆုတ်ယုတ်ဆုံးအခြေအ နေကို ရောက်ရှိတယ်လို့ပဲ တွေးတယ်။ ဒါပေမယ့်လည်း ဒီကြားထဲမှာ လက်ရှိစစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နေတဲ့ ပြည်သူလူထုတွေ လူငယ်တွေ အကုန်လုံးကလည်း ပိတ်ပင်ချုပ်ခြယ်ကန့်သတ်နေတဲ့ ကြားထဲကရသလို တိုက်ပွဲဝင်နေတာ ရှိတယ်။ ဆိုတော့ အဲဒီဟာတွေကို ကြောက်လို့ ဒါတွေကို စပြီး ပိတ်ပင်မှုတွေ သတင်းစာထဲမှာ ထည့်လာတာပေါ့” လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် သင်္ကြန်ကာလမှာ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းအတွင်း ဒေါင်းတို့မျိုးဆက် သံ ချပ်အဖွဲ့ဝင် ၇ ဦးကို တပ်မတော်ဂုဏ်သိက္ခာ ထိခိုက်စေတဲ့ သံချပ်စာသားတွေပါဝင်လို့ဆိုပြီး နိုင်ငံ တော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တွေနဲ့ မြို့နယ် ၆ ခုမှာ တပ်မတော်က တရားလိုပြု တရားစွဲဆိုပြီး ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ကျောင်းသားသမဂ္ဂတွေနဲ့ စုဖွဲ့ထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ မနှစ်ကသင်္ကြန်မှာတော့ တော်လှန်သံချပ်အဖြစ် လွတ်မြောက်နယ်မြေ ကျေးရွာတွင်းတစ်နေရာနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခုမှာ ဖျော်ဖြေတင်ဆက်ခဲ့ပါသေးတယ်။

စစ်ကောင်စီကတော့ သင်္ကြန်ပွဲတော်စည်ကားဖို့ ဗဟိုမဏ္ဍပ်၊ ယိမ်းအက ပြိုင်ပွဲတွေ၊ လမ်းလျှောက်သင်္ကြန် ရေကစားမဏ္ဍပ်တွေ၊ စတုဒိသာကျွေးမွေးတာတွေနဲ့ နိုင်ငံကျော်တေးသံရှင်တွေရဲ့ သီဆိုဖျော်ဖြေမှုတွေနဲ့အတူ ပြည်သူတွေ ပါဝင်ဆင်နွဲနိုင်ဖို့ စီမံနေပါတယ်။

တော်လှန်ရေးအင်အားစုတွေကတော့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီကျင်းပတဲ့ သင်္ကြန်ပွဲတော်မှာ မပါဝင် ကြဖို့နဲ့ သင်္ကြန်ကာလ လူစုလူဝေးဖြစ်တဲ့နေရာတွေမှာ သွားလာတာတွေ မပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.