လွိုင်ကော်၊ ဧပြီ(၁)

စစ်ကောင်စီက အပြင်းအထန်ထိုးစစ်ဆင်နေတဲ့ ကယားပြည်နယ်မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့် ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ လူဦးရေ ၈၀ ရာခိုင်နှုန်းကျော်အထိ ရှိလာပြီလို့ စစ်ရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို စိုးမိုးထားတဲ့ ကယားပြည်နယ်ရှိ ဘောလခဲ၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ ရှားတောမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်ကောင်စီတပ်က အင်အားအလုံးအ ရင်းနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

နေပြည်တော်နဲ့နီးပြီး စစ်ရေးအရအရေးပါတဲ့ ကယားပြည်နယ်ကို နယ်မြေစိုးမိုးနိုင်ဖို့အတွက် စစ်ကောင်စီတပ်က တစ်လက်မရ တစ်လက်မသိမ်းညွှန်ကြားချက်နဲ့ ဘောလခဲ၊ လွိုင်ကော်နဲ့ ဖယ်ခုံမြို့ နယ်တို့ဘက်ကနေ စစ်ကြောင်းကြီးတွေနဲ့ ထိုးစစ်ဆင်နေတာပါ။

စစ်ကောင်စီ ထိုးစစ်ဆင်နေတဲ့အတွက် အခုမတ်လအတွင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာသလို လူဦး ရေ ၃ သိန်း ဝန်းကျင်သာနေထိုင်တဲ့ ကယားပြည်နယ်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၂ သိန်းခွဲကျော်အထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေကလည်း စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးတာအပြင် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ပြေးစရာမြေနည်းပါးလာတဲ့ အခြေအနေနဲ့ ရင် ဆိုင်လာတယ်လို့ စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်”ထိုးစစ်ထပ်လာလို့ဗျ။ ထိုးစစ်တွေထပ်လာတယ်။ လက်နက်ကြီးတွေကျတယ်။ လေယာဉ်နဲ့ပစ်တယ်။ လေယာဉ်နဲ့ မနေ့ကလည်းပစ်တယ်။ အဲဒီမတိုင်ခင်ကလည်း ဆယ်ခေါက်လောက် ရှိတယ်လာပစ်တာ။ ရွာထဲတွေကိုပစ်တာ ရွာထဲတွေမှာတောင် မနေရဲတော့ဘူးဖြစ်နေတယ်” လို့ ပြောပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ ကယားပြည်နယ်ထဲမှာ စစ်ရှောင်ပြည်သူတွေ အများဆုံးနေထိုင်တဲ့ နေရာတွေကို နေ့စဉ်လိုလို လေကြောင်းတိုက်ခိုက်တာအပြင် လက်နက်ကြီးတွေနဲ့လည်း ဆက်တိုက် ပစ်ခတ်တာတွေ လုပ်ဆောင်နေတာပါ။

ပြီးခဲ့တဲ့ မတ်လ(၃၀) ရက်နေ့ကလည်း ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် စာသင်ကျောင်းထိခိုက်ပျက်စီးခဲ့ပြီး စစ်ရှောင်ဒေသခံတစ်ဦး သေဆုံးခဲ့ပါတယ်။

လက်ရှိမှာတော့ စစ်ဘေးရှောင်ပြည်သူတွေဟာ နောက်ထပ်စစ်ရှောင်ဖို့ အထုပ်အပိုးတွေ အမြဲပြင် ဆင်ပြီး နေထိုင်နေရတဲ့ အခြေအနေအထိ ရင်ဆိုင်နေရတယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။

“စစ်ရှောင်တွေကတော့ အကုန်လုံးဒီဘက်မှာ ပြောရမယ်ဆို အထုပ်အပိုးပြင်ထားရတယ်။ တိုက်ပွဲဖြစ်လာရင် ရွှေ့ဖို့ပြုဖို့ အသင့်ပဲ။ ကျွန်တော်တို့ဒီနေရာမှာ စစ်ရှောင်စခန်းတွေကိုလည်း လေယာဉ်ကြဲတယ်။ အမြဲတမ်း လက်နက်ကြီးပစ်လိုက်နဲ့အမျိုးမျိုး လုပ်နေတဲ့အခါကျတော့ကျွန်တော်တို့ဘယ်နားမှာမှ လုံခြုံမှုမရှိတော့ဘူးလေ” လို့ ဆိုပါတယ်။

တဖက်မှာတော့ စစ်ရှောင်ပြည်သူတွေဟာ စစ်ရှောင်စခန်းတွေမှာ သန့်ရှင်းတဲ့ သောက်သုံးရေရှားပါးလာသလို စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ပါ ထပ်မံရင်ဆိုင်နေရပြီး ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ကျန်းမာရေးပြဿနာတွေနဲ့ ခံစားနေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမတိုင်ခင်အထိ စစ်ဘေးရှောင် (၂) သိန်းကျော်သာရှိခဲ့တဲ့ ကယားပြည်နယ်မှာ တစ်လ ခွဲလောက်အတွင်း စစ်ရှောင်ဦးရေ ၅ သောင်းကျော်အထိ ထပ်တိုးလာသလို စစ်ဘေးရှောင်ရင်း သေဆုံးသူဟာလည်း (၁၃၀) နီးပါးအထိရှိနေပြီဖြစ်တယ်လို့ ဒေသအခြေစိုက် အဖွဲ့အစည်းတွေကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.