ကျိုက်ထို၊ မတ်(၃၁)မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဆံတော်ကျိုက်ထီးရိုးစေတီတည်ရှိရာ ကျိုက်ထီးရိုးတောင်ပေါ်မှာ စစ်ကောင်စီတပ်က တပ်အင်အားတိုးချဲ့ပြီး လက်နက်ကြီးတွေ လာရောက်တပ်ဆင်ထားတယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အခုမတ်လနောက်ဆုံးအပတ်အတွင်း ကျိုက်ထီးရိုး ရဟတ်ယာဉ်ကွင်း၊ ရသေ့တောင် ဝန်းကျင်တွေမှာ ၁၂၀ မမ လက်နက်ကြီးတွေ ပစ်ခတ်နိုင်တဲ့ အထိုင်နေရာပြုလုပ်ထားသလို တပ်အင်အား ၁၀၀ ကျော် တိုးချဲ့ထားတာဖြစ်ပါတယ်။
သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကတော့ လက်နက်ကြီးတွေ တပ်ဆင်မှုဟာ သူတို့စခန်းတွေ တိုက်ခိုက်ခံရရင် တုံ့ပြန်တိုက်ခိုက်ဖို့နဲ့ တိုက်ပွဲဖြစ်ပွားပါက ကျေးရွာတွေထဲ လက်နက်ကြီး ပစ်ခတ်မှုဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကျိုက်ထီးရိုးတောင်ခြေပတ်လည်မှာ နေထိုင်ကြတဲ့ ဒေသခံတွေအနေနဲ့ အထူးသတိထား သွားလာကြဖို့နဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို မဖြစ်မနေ လိုက်နာပေးကြဖို့ တိုက်တွန်းတာပါ။
ကျိုက်ထီးရိုးဒေသခံတစ်ဦးကလည်း စစ်ရေးနယ်မြေ မဟုတ်တဲ့ ကျိုက်ထီးရိုးဒေသမှာ စစ်ကောင်စီတပ်က လာရောက်တပ်စွဲတာ မဖြစ်ကြောင်းနဲ့ ဒေသခံပြည်သူတွေမှာလည်း စိုးရိမ်မှုတွေ မြင့်တက် နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ ရသေ့တောင်ဝန်းကျင်၊ ကျိုက်ထီးရိုးတောင်ပေါ်နဲ့ ကျီးကန်းပါးစပ်၊ ရဟတ်ယာဉ်ကွင်းဘက်၊ ကင်မွန်းစခန်းတောင်ခြေတွေမှာ တပ်စွဲနေထိုင်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ပြည်တွင်း၊ပြည်ပဘုရားဖူး သန်းနဲ့ချီဝင်ရောက်နေတဲ့ ကျိုက်ထီးရိုးစေတီအနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်က တပ်စွဲထိုင်ထားတာနဲ့ စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -EPA