ရေစကြို – မတ်(၃၀)
မကွေးတိုင်း ရေစကြိုမြို့နယ်မှာ ဆံပင်ညှပ်နေတဲ့ စစ်ကောင်စီလက်အောက်ခံရဲတွေကို ကာကွယ်ရေး တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ဒုရဲအုပ်အဆင့်ရှိသူတစ်ဦးသေဆုံးသွားတယ်လို့ Myingyan Black Tiger အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ(၂၉) ရက်နေ့က သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒုရဲအုပ်အဆင့် တစ်ဦးနဲ့ အခြား အဆင့် တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တာပါ။
ဒီတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း(၁၂) တပ်ခွဲ(၄) မီးတောက်တပ်ခွဲနဲ့ Myingyan Black Tiger အဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်သားတွေ ဆံပင်ညှပ်နေတယ်လို့ ဖရဲသီးကသတင်းပေးလာလို့ ညီနောင်မဟာမိတ် တပ်ဖွဲ့တွေသွားရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက သံလွင်တိုင်းမ်ကိုပြောပါတယ်။
တိုက်ခိုက်ခံလိုက်ရတဲ့ ရဲတွေဟာ မတ်လ(၂၉) ရက်နေ့ကစပြီး ရေစကြိုမြို့နယ် အမှတ်(၁) ရပ်ကွက် ကပ်ကျော်ကျောင်းတိုက်မှာ တပ်စွဲနေကြသူတွဖြစ်တယ်လို့ သိရပါတယ်။
အဲဒီကျောင်းတိုက်မှာ စစ်ကောင်စီလက်အောက်ခံ ရဲ(၁၂)ဦးတပ်စွဲနေထိုင်နေတာဖြစ်ပြီး Myingyan Black Tiger ရဲ့ အမှတ်-၂ စစ်ဆင်ရေးစခန်းအတွက် ဒုတိယအကြိမ်သွေးကြွေးတောင်း တိုက်ခိုက်တာ ဖြစ်တယ်လို့ MBT ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဆိုပါတယ်။
မတ်လ(၁၇) ရက်နေ့က စစ်ကောင်စီ ဘီလူးစစ်ကြောင်းနဲ့ Myingyan Black Tiger အဖွဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် အင်အားမမျှတဲ့အတွက် ဌာနချုပ်နဲ့ စခန်းအမှတ်- ၂ တို့ စွန့်လွှတ်ခဲ့ရကာ ပုခုံးထမ်း လောင်ချာ နှစ်လက်အပါအဝင် လက်နက်ခဲယမ်းတွေလည်း ဆုံးရှုံးထားရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ