မော်လမြိုင် – မတ်(၃၀)

လူထုထောက်ခံမှု အများဆုံးရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်း ကြောင်း ကြေညာတဲ့အပေါ် နိုင်ငံတကာအစိုးရတွေက ဝေဖန်ရှုတ်ချလိုက်ပါတယ်။

ကမ္ဘာ့အင်အားကြီး နိုင်ငံဖြစ်တဲ့ အမေရိကန်အပါအဝင် ဂျာမနီ၊ဗြိတိန်၊ကနေဒါ၊သြစတြေးလျနဲ့ ဂျပန်နိုင်ငံက သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနတွေနဲ့ ပြောခွင့်ရပုဂ္ဂိုလ်တွေက မတ် ၂၉ ရက်နေ့က ကြေညာချက်တွေ အသီးသီးထုတ်ပြန်ခဲ့တာပါ။

ဗြိတိန်နိုင်ငံခြားရေးရုံးကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းတာဟာ မြန်မာလူထုရဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို ထပ်မံ စော်ကားတာဖြစ်တယ်လို့ ဆိုပါတယ်။

ပြင်သစ်ကလည်း ပါတီတွေကို ဖျက်သိမ်းတာဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ် စွာစုဝေးခွင့်အပေါ် ဆုတ်ယုတ်မှု အသစ်တစ်ခုဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးကို စနစ်တကျ ဖျက်သိမ်းရေး ဗျူဟာကို သက်သေထူလိုက်တာလို့ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးကလည်း နိုင်ငံရေးခေါင်းဆောင်တွေအပါအဝင် ဖမ်းဆီးထားသူ တွေကို လွှတ်ပေးဖို့နဲ့ အကြမ်းဖက်မှုနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ အဆုံး သတ်ဖို့ တောင်းဆိုထားပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ NLD ပါတီကို ဖျက်သိမ်းပြီး နိုင်ငံရေးကနေ ထပ်မံဖယ် ထုတ်တာဟာ မြန်မာ့အရေးဖြေရှင်းရာမှာ ပိုမိုခက်ခဲစေပြီး သက်ဆိုင်သူ အားလုံး ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ မြန်မာစစ်တပ်ကို အလေးအနက် တိုက်တွန်းထားတာပါ။

တင်းကြပ်ထားတဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေကြောင့် နိုင်ငံရေးနယ်ပယ် ပိုမိုကျဉ်းမြောင်းလာ မှာကို သြစတြေးလျနိုင်ငံက စိုးရိမ်ပူပန်လျက်ရှိပြီး ယုံကြည်လက်ခံလောက်တဲ့ ရွေးကောက်ပွဲ တွေအပါအဝင် ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးကို တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ တရားဝင်ဖွဲ့စည်းထားတဲ့ မိမိတို့ ပါတီနဲ့ နိုင်ငံရေးပါတီ တွေကို စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဖျက်သိမ်းခွင့်၊အတည်ပြုခွင့် လုံးဝမရှိဘူးလို့ မတ် ၂၉ ရက်နေ့က တုံ့ပြန်လိုက်ပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ-၂၅ အရ နိုင်ငံရေးပါတီအဖြစ် ရက်ပေါင်း (၆၀) အတွင်း မှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားခြင်းမရှိတဲ့ ပါတီတွေကို နိုင်ငံရေးပါတီအဖြစ်ကနေ အလိုအလျှောက်ပျက်ပြယ်တယ်လို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NLD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.