ဝါရှင်တန် – မတ်(၃၁)
အမေရိကန်၊ဗြိတိန်၊ဂျပန်နဲ့ ဩစတြေးလျ နိုင်ငံတို့က မြန်မာရဲ့ အာဏာရပါတီဟောင်း ဖျက်သိမ်း ခံရတာနဲ့ ပတ်သက်ပြီး သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ပြောဆိုခဲ့သလို ဒီမိုကရေစီစနစ် ပြန်လည်ရောက်ရှိဖို့ ပိုမိုပါဝင်မှုများတဲ့ လုပ်ငန်းစဉ်တစ်ရပ်ကိုလည်း တိုက်တွန်းခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ တခြားသော ပါတီ(၃၉) ခုကိုလည်း စစ်တပ်က ချုပ်ကိုင်ထားတဲ့ ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင် စာရင်းသွင်းဖို့ သတ်မှတ်ရက် မပြည့်မီဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက ဖျက်သိမ်း လိုက်တာပါ။
မြန်မာနိုင်ငံဟာ ဆယ်စုနှစ်တစ်ခုကြာ ဒီမိုကရေစီစနစ်ကူးပြောင်းရေးကို၂၀၂၁ ခုနှစ် အစောပိုင်း က စစ်တပ်အာဏာသိမ်းပြီးချိန်မှာတော့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို သွေးထွက်သံယိုဖြိုခွင့်ခဲ့တဲ့အတွက် လက်နက်ကိုင်တော်လှန်ရေးကို ဖြစ်ပေါ်စေခဲ့ကာ တိုက်ပွဲတွေကြောင့် လူပေါင်း တစ်သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ် လို့ ကုလသမဂ္ဂက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က အသက်(၇၇) နှစ်ရှိပြီဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်မှုအမျိုးမျိုးနဲ့ ထောင်ဒဏ် (၃၃) နှစ်ထိကျခံစေပြီး သူမရဲ့ NLD ပါတီ အဖွဲ့ပေါင်းများစွာကိုလည်း ထောင်ဒဏ်ချမှတ်ထားသလို ထွက်ပြေးတိမ်းရှောင်နေကြရတာ လည်းရှိတာကြောင့် NLD ပါတီဟာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုဖို့ အကြိမ်ကြိမ် ငြင်းဆိုပြီးနောက် တရားမဝင်ပါတီအဖြစ် ကြေညာခံခဲ့ရတာဖြစ်ပါတယ်။
“NLD ကို နိုင်ငံရေး လုပ်ငန်းစဉ်ကနေ ဖယ်ထုတ်လိုက်တာက အခြေအနေ တိုးတက်ဖို့ ပိုခက်ခဲလာ မှာကို ကျနော်တို့ အလေးအနက် စိုးရိမ်မိပါတယ်” လို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အရာရှိတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ သက်ဆိုင်သူ အားလုံးပါဝင်တဲ့ နည်းလမ်းနဲ့ ဒီကိစ္စကို ငြိမ်းချမ်းတဲ့ ဖြေရှင်းရေး လမ်းကြောင်းပြသဖို့ ဂျပန်က မြန်မာကို တိုက်တွန်းထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ် ပြောရေးဆိုခွင့်ရှိသူကို မှတ်ချက်ပေးဖို့ ရိုက်တာက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ဘူးလို့ ဆိုပါတယ်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သူ့ရဲ့ ဒီမိုကရေစီ ပြည်လည်ထူထောင် ရေး ကြိုးပမ်းမှုတွေကို ဝေဖန်မစောဖို့ နိုင်ငံတကာဝေဖန်သူတွေကို တိုက်တွန်းထားပါတယ်။
နိုင်ငံရေးပါတီ(၄၀) ကိုဖျက်သိမ်းတဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန လက်ထောက်ပြောခွင့်ရ ဗီဒန့်ပါတယ်က သတင်းထောက်တွေကို ပြောပါတယ်။
“မြန်မာမှာ သက်ဆိုင်သူအားလုံးရဲ့ ပါဝင်မှုမရှိဘဲ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတယ်လို့ ယူဆလို့ မရပါဘူး” လို့ သူက ပြောခဲ့ပါတယ်။
တင်းကြပ်တဲ့ ရွေးကောက်ပွဲ မှတ်ပုံတင်ခြင်းဆိုင်ရာ ပြဌာန်းချက်တွေကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံရေး နယ်ပယ်တွေ ပိုမိုကျဉ်းပြောင်းလာတာနဲ့ ပတ်သက်ပြီး ဩစတြေးလျ နိုင်ငံခြားရေးန့ ကုန်သွယ်ရေးဌာန ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
သက်ဆိုင်သူအားလုံးကို နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ခွင့်ပေးသင့်ကြောင်းနဲ့ သူတို့ရဲ့ ချန်လှပ်ထားမှု ဟာ နောက်ထပ်အကြမ်းဖက်မှုနဲ့ မတည်မငြိမ်ဖြစ်စေနိုင်တယ်လို့ သတိပေးထားသလို သူတို့အနေ နဲ့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေကို အနီးကပ်စောင့်ကြည့်ပြီး ယုံကြည်လောက်တဲ့ ရွေး ကောက်ပွဲတွေအပါအဝင် ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးကို တောင်းဆိုသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“စစ်အစိုးရရဲ့ နိုင်ငံရေးအရ လှုံ့ဆော်တဲ့ လုပ်ရပ်တွေကို ရှုတ်ချပြီး အကြောက်တရားတွေကို ဖြန့်ကျဲ အတိုက်အခံတွေကို ဖိနှိပ်ဖို့ ပိုရက်စက်တဲ့ နည်းပရိယာယ်တွေ အသုံးပြုတာကိုလည်း ရှုတ်ချပါတယ်” လို့ ဗြိတိန်နိုင်ငံခြားရေးရုံး ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။
Ref:CNA