ဘုတ်ပြင်း၊ မတ်(၂၉)
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ မသေရွာကျေးရွာအုပ်စု၊ ဝါးကျွန်းကျေး ရွာရှိ စစ်ကောင်စီသြဇာခံ ပြည်သူ့စစ်စခန်းတစ်ခုကို မတ် ၂၇ ရက်နေ့မှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
တပ်ဖွဲ့ဝင်အင်အား ၁၅ ဦးနီးပါး နေထိုင်တဲ့ စစ်ကောင်စီ ပြည်သူ့စစ်စခန်းကို အဲဒီနေ့ မနက် ၂ နာရီလောက်မှာ ဘုတ်ပြင်းမြို့နယ်နဲ့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လျှပ်တပြက် ဝင်ရောက်စီးနင်းခဲ့တာပါ။
စခန်းဝင်ရောက်စီးနင်းစဉ် ပြည်သူစစ်ခေါင်းဆောင်နဲ့ဒုခေါင်းဆောင်အပါအဝင် ၆ ဦးကို ဖမ်းဆီးရမိခဲ့ပြီး သေနတ် ၅ လက်၊ လက်ပစ်ဗုံး ၁လုံး၊ ကျည်ဘောက် ၁၇ ခု၊ ကျည်ဆံတွေနဲ့ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဖမ်းဆီးရမိတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို စစ်ဆေးမြန်းပြီးနောက် ပြည်သူစစ်ခေါင်းဆောင်နဲ့ ဒုခေါင်း ဆောင်တို့ ၂ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး ကျန်ပြည်သူ့စစ်အဖွဲ့ဝင်တွေကိုတော့ သတိပေးပြီးပြန်လွှတ် ပေးခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ဒါ့အပြင် ဘုတ်ပြင်းမြို့နယ်ထဲက ပြည်သူစစ်အဖွဲ့ဝင်တွေရဲ့ အမည်စာရင်းအားလုံး ရရှိထားပြီးဖြစ်တဲ့အတွက် ကျန်ပြည်သူ့စစ်အဖွဲ့ဝင်တွေလည်း အမြန်ဆုံးနုတ်ထွက်ကြဖို့နဲ့ သတိပေးထားတဲ့ကြားက စစ်ကောင်စီ ပြည်သူ့စစ်အဖြစ် ဆက်လက်ရပ်တည်ရင် ရှင်းလင်းသွားမယ်လို့ ဆိုပါတယ်။
ပြည်သူစစ်စခန်းစီးနင်းခံရပြီးနောက် စစ်ကောင်စီဘက်က ရေကြောင်း၊ကုန်းကြောင်းနဲ့ အင်အားအ လုံးအရင်း ထိုးစစ်ဆင်ဝင်ရောက်လာပြီး ဝါးကျွန်းတဝိုက်မှာ PDF တပ်ဖွဲ့ဝင်တွေကို တောနင်းရှာတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- Bokpyin PDF