ကျိုက်ထို၊ မတ်(၂၉)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မဲရုံးလေးကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မတ် ၂၇ ရက်နေ့ ည ၉ နာရီအချိန်လောက်မှာ မရမ်းချောင်းကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ က မဲရုံးလေးကျေးရွာထဲကို လက်နက်ကြီး ၆၀ မမ တွေနဲ့ ပစ်ခတ်ခဲ့တာပါ။
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ဟာ မဲရုံကျေးရွာ စိုက်ပျိုးရေးခြံတစ်ခုထဲ ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဒေသခံတွေဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် မောင်လျှမ်းထက်အောင် ပွဲချင်းပြီးသေဆုံးခဲ့သလို အသက် ၂၄ နှစ်အရွယ် စောနောင်ဦးမှာလည်း ဆေးရုံမှာသေဆုံးသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်နက်ကြီး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ဦးမောင်ဝင်းဌေး၊ ဦးဝင်းမြင့်တို့ကိုတော့ သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၇ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာ သုသာန်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဇီးပြောင်းကျေးရွာ ဒေသခံအမျိုးသားတစ်ဦး ထိ ခိုက်ဒဏ်ရာရခဲ့သေးတာဖြစ်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်နယ်မြေ ကျိုက်ထိုမြို့နယ်ထဲကို စစ်ကောင်စီတပ် နေ့စဉ်နဲ့အမျှ ပစ်ခတ်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေ ဆက်ရှိနေတယ်လို့ KNU သထုံခရိုင်ရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်း
ဓာတ်ပုံ – CJ